Pages

Pages

Silicon Village (သို့မဟုတ်) ရတနာပုံ မြို့သစ်စီမံကိန်းသို့

 


မြန်မာပြည်ရဲ့ အချက်အချာလို့လည်း ပြောနိုင်ပါတယ်။ အထင်ကရ နေရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ မေမြို့ (သို့မဟုတ်) ပြင်ဦးလွင် ဆိုတဲ့ အေးချမ်းသာယာလှပတဲ့ မြို့နဲ့ အနီးဝန်းကျင်မှာ နိုင်ငံတော်အစိုးရက စီမံကိန်းသစ်တွေများစွာ ချမှတ်ဆောင်ရွက်နေတာရှိပါတယ်။ အဲဒီအထဲမှာ ရတနာပုံ မြို့သစ်စီမံကိန်းလည်း အပါအဝင် ဖြစ်ပါတယ်။ အခုဆိုရင် အနီးစခန်းလေဆိပ်ပြုပြင်မွမ်းမံတိုးချဲ့မှုတွေ ဆောင်ရွက်နေပြီဖြစ်သလို ရတနာပုံမြို့သစ်စီမံကိန်းသည်လည်း စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ရတနာပုံ မြို့သစ်စီမံကိန်း တည်နေရာကတော့ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကိန်းနေရာကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အစိုးရအဖွဲ့အကြီးအကဲများ သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီ ခရီးစဉ်မှာ နိုင်ငံတော်အကြီးအကဲကို  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ရတနာပုံမြို့သစ်စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအတွင်း ဆောင်ရွက်ထားရှိမှု၊ လူနေအိမ်ရာများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ရတနာပုံတယ်လီပို့ဆိုင်ရာ အဆောက်အဦများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းနယ်မြေအတွင်း လမ်းဖောက်လုပ်ခြင်း၊ ရေရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းဆောင်ရွက်ရန် Expression Of Interest (EOI) ဖိတ်ခေါ်ဆောင်ရွက်ထားရှိမှု၊ နည်းပညာစက်မှုဇုန်အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းများလည်ပတ်လျက်ရှိမှုနှင့် စီမံကိန်းဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ရတနာပုံမြို့သစ် စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများဆိုင်ရာ အချက်အလက်များ၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်ပိုင်အဆောက်အဦများဆိုင်ရာ အချက်အလက်များ၊ Soft Base Factories Area ရှိ စက်ရုံများဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

နိုင်ငံတော်အကြီးအကဲ က ယခုရတနာပုံဆိုက်ဘာစီးတီးအား နိုင်ငံတော်၏ ဆက်သွယ်ရေးနည်းပညာများ တိုးတက်ရေးအတွက် Silicon Village အဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဒီမိုကရေစီဒုတိယအစိုးရ (၂၀၁၅ - ၂၀၂၀ ခုနှစ်) လက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ရတနာပုံဆိုက်ဘာစီးတီး၏ လုပ်ငန်းများရပ်တန့်သွားခဲ့ရကြောင်း၊ ယနေ့ခေတ်သည့် IT ခေတ်ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်ဆိုက်ဘာစီးတီး မူလရည်မှန်းချက်များအပြင် ဉာဏ်ရည်တု (AI) နည်းပညာတိုးတက်ရေးအတွက်လည်း ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုစီမံကိန်းအားနိုင်ငံတော်၏ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများအား အဓိကထုတ်လုပ်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) အနီးတွင် တည်ရှိသကဲ့သို့ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့တို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာက္ကသိုလ်များနှင့် ချိတ်ဆက်၍လည်း ဆောင်ရွက်နိုင်ပြီး လိုအပ်သည့် လူသားအရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း လုပ်ငန်းပြန်လည်စတင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအမှန်တကယ်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများ အတွက်လိုအပ်သည့် မြေနေရာများကို ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းနယ်မြေအတွင်း လုပ်ကိုင်ခွင့်ချထားပေးသည့် မြေနေရာများ၌ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေနေရာများ၊ နေထိုင်ရန်ချထားပေးသည့် မြေနေရာများ၌ လူနေထိုင်မှုများမရှိသည့် မြေနေရာများအား စည်းကမ်းနှင့်အညီဖြစ်စေရေး စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးအား အစိုးရမှ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ ရတနာပုံမြို့သစ်အိမ်ရာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း လူအပြည့်နေထိုင်မည်၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သောက်သုံးရေများ လုံလောက်စွာရရှိရေးကြိုတင်စီမံဆောင်ရွက်ထားရှိရန်နှင့် လျှပ်စစ်မီးလိုအပ်ချက်အား ကြိုတင်တွက်ချက်၍ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းမှ ဖြည့်တင်းဆောင်ရွက်သွားနိုင်ကြောင်း၊ စီမံကိန်းမြေနေရာများ၌ အဆောက်အဦများ ထပ်မံဆောက်လုပ်ရာတွင်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်အောင် စနစ်တကျဆောက်လုပ်သွားရန်လိုကြောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်လာရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားထားပါတယ်။

နိုင်ငံတော်အကြီးအကဲရဲ့ ရှင်းလင်းပြောကြားချက်များကို ထောက်ရှုခြင်းအားဖြင့် ယခင်တပ်မတော်အစိုးရလက်ထက်ကတည်းက အစပျိုးခဲ့ခြင်းဖြစ်ပြီး NLD အစိုးရတက်လာပြီးချိန်မှာ အမည်ပြောင်းပြီး ရည်ရွယ်ချက်ကို ထိရောက်အောင် အကောင်အထည်မဖော်နိုင်ခဲ့တဲ့အတွက် နှောင့်နှေးကြန့်ကြာခဲ့ရတဲ့ အခြေအနေကို ပြန်လည်အသက်သွင်း ဆောင်ရွက်ရတဲ့ သဘောမျိုးဖြစ်ပါတယ်။

ရတနာပုံ မြို့သစ်စီမံကိန်းကို နိုင်ငံတော်အကြီးအကဲ သွားရောက်ကြည့်ရှုပြီးနောက်ပိုင်း ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်ထဲမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ထပ်မံသွားရောက်စစ်ဆေးခဲ့ပါသေးတယ်။ အဲဒီ ခရီးစဉ်မှာ ကျွန်တော်တို့တွေလည်း သတင်းလိုက်ပါရယူနိုင်ခဲ့ပါတယ်။ စီမံကိန်းဧရိယာအတွင်းမှာ ယခင်ကတည်းက အစပျိုးခဲ့တဲ့ အဆောက်အဦတွေမှာဆိုရင် ယိုယွင်းပျက်စီးမှုတွေ ဖြစ်ပေါ်လျက်ရှိတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ရဲ့ ခရီးစဉ်မှာ လုပ်ငန်းဖော်ဆောင်မှုအပိုင်းမှာ နှောင့်နှေးတာမျိုး မဖြစ်စေဖို့၊ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှာကြားချက်များကို အချိန်နဲ့တပြေးညီ အကောင်အထည်ဖောင်ကြဖို့ကိုလည်း ထပ်မံစစ်ဆေး မှာကြားခဲ့ပါတယ်။ စီမံကိန်းဧရိယာအတွင်း တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အဦများ၊ တရားမဝင် နေထိုင်မှုများ မရှိစေဖို့နဲ့ စီမံကိန်းရည်ရွယ်ချက်နဲ့ မကိုက်ညီတဲ့ လုပ်ငန်းတွေ ခွင့်မပြုဖို့ကိုလည်း စနစ်တကျ လမ်းညွှန်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

တိုင်းပြည်ရဲ့ တိုးတက်မှု အရွေ့တစ်ခုရဲ့ ပြယုဂ်ဖြစ်လာနိုင်တဲ့ စီမံကိန်းတွေ နှောင့်နှေးကြန့်ကြာခဲ့ရခြင်းဟာ တိုင်းပြည်တိုးတက်မှုအတွက် အနှောက်အယှက်ပါပဲ။ ဒီစီမံကိန်းရည်ရွယ်များအတိုင်းသာ စောစီးစွာ အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် ဒီနေရာမှာ ပညာတတ်လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်။ ဒီနေရာက ထွက်ရှိလာမယ့် ထုတ်ကုန်တွေကနေ ဝင်ငွေရမယ်။ ဒေသခံပြည်သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ များစွာ ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါတွေကို ရွေေးကာက်ခံအစိုးရအနေနဲ့ ဆက်လက်ပြီး အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 

ပြင်ဦးလွင် အနီးဝန်းကျင်မှာ ရတနာပုံမြို့သစ်စီမံကိန်းသာမက ပြင်ဦးလွင်မြို့ကိုလည်း ခေတ်မီစံပြမြို့တော်အဖြစ် ပုံဖော်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် မြေယာအသုံးချမှုကဏ္ဍတွေမှာ လွဲမှားစွာ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမဟုတ်ဘဲ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ခဲ့တာကြောင့် မနစ်နာသင့်ဘဲ ပြည်သူတွေ နစ်နာရတဲ့ အဖြစ်မျိုးတွေလည်း ရှိနေတာ အမှန်ပါပဲ။ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် က စပြီး ပြီးပြတ်အောင် ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ မြေယာပြဿနာတချို့လည်း ရှိနေပါသေးတယ်။ ဒါတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ကြဖို့ နိုင်ငံတော်အကြီးအကဲများက မည်သို့ပင် လမ်းညွှန်နေစေကာမူ အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းချက်တွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။ ဘာကြောင့် နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်တွေကို မသိကျိုးကျွန်ပြုပြီး ပြဿနာတွေကို ရှည်ကြာအောင် လုပ်နေကြသလဲဆိုရင် အဖြေကတော့ အကျိုးစီးပွားတွေ ပါနေတဲ့အတွက်ကြောင့်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲများက ဖွံ့ဖြိုးတိုးတက်ရေး ရေရည်အကျိုးကို မျှော်ကိုးပြီး ဆောင်ရွက်နေတဲ့ကဏ္ဍတွေမှာ တာဝန်ရှိသူတွေက နှောက်ယှက်သူတွေ မဖြစ်သင့်ပါဘူး။ ပြည်သူများ ရသင့်ရထိုင်တဲ့ အခွင့်အရေးများကို ဖန်တီးပေးဖို့နဲ့ ဥပဒေမဲ့ လုပ်ဆောင်ခဲ့တာတွေကိုလည်း နိုင်ငံတော်အကြီးအကဲများထံ မကွယ်မဝှက် တင်ပြပြီး ဖြေရှင်းဆောင်ရွက်သင့်တဲ့ အခြေအနေများကိုပါ ပြည့်စုံစွာ တင်ပြကြမယ်ဆိုရင် နိုင်ငံတော်အကြီးအကဲများအနေနဲ့လည်း စီမံခန့်ခွဲအပိုင်းမှာ လွဲမှားတာမျိုး၊ ပြည်သူလူထု အထင်မှား အမြင်မှားဖြစ်တာမျိုးတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

ရတနာပုံ မြို့သစ် စီမံကိန်းကြီး အကောင်အထည်ပေါ်လာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ များစွာပေါ်ထွက်လာမယ်။ ဒေသခံပြည်သူတွေအတွက်လည်း ကောင်းကျိုးဖြစ်မယ်။ နိုင်ငံတော်အကြီးအကဲများက အမျှော်အမြင်ကြီးစွာနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ တာဝန်ရှိသူတွေကလည်း မနှောက်ကြပါနဲ့၊ ပြည်သူတွေကလည်း မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး အဖျက်အမှောင့်တွေ မလုပ်ကြပါနဲ့။ (လက်နဲ့ရေးလိုက် ခြေနဲ့ဖျက်) ဒီသံသရာထဲမှာ တဝဲလည်လည်နဲ့ အိမ်နီးချင်းနိုင်ငံများထက်ပင် နောက်ကောက်ကျနေတဲ့ အခြေအနေကို မှန်ကန်စွာ ရှုမြင်ပြီး မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ ဘက်စုံထောင့်စုံက စနစ်တကျ စိစစ်ကြပ်မက်ပြီး ကောင်းမွန်တဲ့ အရွေ့ကို အမြန်ဆုံးရောက်အောင် လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းလိုခြင်းဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News


No comments:

Post a Comment