Pages

▼

Pages

▼

အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲ(အခြေခံပညာအဆင့်) ကျင်းပမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် အာကာသပြတိုက် (ရန်ကုန်)တို့က ကြီးမှူး၍     အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက် (ရန်ကုန်)၌ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို အခြေခံပညာမူလတန်းအဆင့်အတွက် “အာကာသသူရဲကောင်း”၊ အခြေခံပညာအလယ်တန်းဆင့်အတွက် “စူးစမ်းလေ့လာ အာကာသကမ္ဘာ”နှင့် အခြေခံပညာအထက်တန်းအဆင့်အတွက် “အနာဂတ်အာကာသနည်းပညာ”    စသည့်ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို အနာဂတ်မျိုးဆက်သစ်လူငယ်မောင်မယ်များ အာကာသသိပ္ပံနှင့်နည်းပညာများကို စိတ်ဝင်စားပြီး အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာစိတ်ကူးစိတ်သန်းများ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား အားလုံးအတွက် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းတီထွင်ဖန်တီးမှု အနုပညာလက်ရာနှင့်ကျွမ်းကျင်မှု၊ ရုပ်ပုံဖွဲ့စည်းမှုနှင့် အချိုးအစား၊ ပေးလိုသောသတင်းစကားနှင့် ထူးခြားမှု၊ မြန်မာ့အငွေ့အသက်နှင့် အာကာသနယ်ပယ် ဟန်ချက်ညီညီပေါင်းစပ် ထားရှိမှု စသည့်အချက်များအပေါ်တွင် အမှတ်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီ မှ ဒေါက်တာဟန်ဇော်ထွန်းက ပြောသည်။

ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်သည့်အပြင် ပါဝင်ယှဉ်ပြိုင်သူ အားလုံးကိုလည်းCertificate များ၊ အမှတ်တရလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။

အခြေခံပညာ မူလတန်းအဆင့် ဆုရရှိသူများကို ပထမဆုငွေကျပ် ငါးသိန်း၊ ဒုတိယဆုငွေကျပ် လေးသိန်း၊ တတိယဆုငွေကျပ်  သုံးသိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင်  ငွေကျပ် နှစ်သိန်းစီဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့်တွင် ပထမဆုငွေကျပ် ခုနစ် သိန်း ၊ ဒုတိယဆု ငွေကျပ် ခြောက်သိန်း ၊ တတိယဆု ငွေကျပ်ငါးသိန်း၊  အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် -

ငွေကျပ်သုံးသိန်းစီဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် ဆုရရှိသူများကို ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုငွေကျပ် ကိုးသိန်း၊ တတိယဆုငွေကျပ် ရှစ်သိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ငွေကျပ် ငါးသိန်းစီဖြင့် လည်းကောင်း   ချီးမြှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် အခြေခံပညာအထက်တန်းအဆင့်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် အခြေခံပညာမူလတန်းအဆင့်နှင့် မတ်လ ၁ ရက်တွင် အခြေခံပညာ အလယ်တန်းအဆင့်တို့မှ ကျောင်းသား၊ကျောင်းသူများ     ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၄ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်လိုသည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့   သက်ဆိုင်ရာကျောင်းများမှတစ်ဆင့် ဖေဖော်ဝါရီလ ၁၉ ရက် နောက်ဆုံးထား၍ ရန်ကုန်တိုင်းပညာရေးမှူးရုံးသို့    စာရင်းပေးသွင်း လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ 


#MNP #News

No comments:

Post a Comment