စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေး အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများ စိစစ်ရောင်းချမှု ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေး အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများ စိစစ်ရောင်းချမှု ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မတ် ၂၈

ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့မှုရှိစေရေးနှင့် အရောင်းဆိုင်များတွင် ယာဉ်တန်းစီမှု ပိုမိုလျှော့ချနိုင်ရေးတို့အတွက် အဆင့်မြှင့်တင်ထားသည့် Bar Code/QR Code စနစ်ဖြင့် ယာဉ်၏ စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများ စိစစ်ရောင်းချခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များ၌ ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

Online Monitoring Center တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များရှိ အရောင်းဆိုင်များမှ ယာဉ်၏ စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများ စိစစ်ရောင်းချပေးနေမှုကို အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်း ကြပ်မတ်လျက်ရှိကြောင်း၊ ယခု Bar Code/ QR Code စနစ်အား ရန်ကုန်-မန္တလေး လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ဆက်လက်အကောင်အထည်ဖော်နိုင်ရေး သင်တန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ Bar Code/QR Code ဖြင့် Scan ဖတ်ယူရန် အခက်အခဲရှိသည့်ယာဉ်များ၊ လုပ်ငန်းသုံးမော်တော်ယာဉ်ငယ်များနှင့် အခြားလုပ်ငန်းသုံးကဏ္ဍများအတွက် လိုအပ်သည့် စက်သုံးဆီများကိုလည်း မှတ်တမ်းထားရှိ၍ ရောင်းချပေးလျက်ရှိကြောင်း၊ အရောင်းဆိုင်များအနေဖြင့် ဝယ်ယူခွင့်ရှိသည့်ပမာဏများအတိုင်း ရောင်းချပေးလျက်ရှိပြီး အရောင်းဆိုင်များတွင် ပြတ်လပ်မှုမရှိစေရေး စီစဉ်ထားရှိကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများနှင့် ဆက်စပ်ဌာနများမှ ပူးပေါင်းအဖွဲ့များဖြင့်လည်း အရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရောင်းဆိုင်များတွင် စက်သုံးဆီအလုံအလောက်ရှိသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လိုအပ်သလောက်သာ ဝယ်ယူစေလိုကြောင်း၊ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက တိုင်ကြားနိုင်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးသွားနိုင်ရေး Call Center ဖွင့်လှစ်ထားရှိကြောင်းနှင့် နည်းပညာဆိုင်ရာအခက်အခဲများနှင့် အခြားတင်ပြတိုင်ကြားလိုပါက ဆက်သွယ်ရန် Call Center ဖုန်းနံပါတ်များဖြစ်သည့် ဖုန်း - ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆ ၊ Viber - ၀၉ ၄၀၁၇၄၈၅၉၈ တို့ကို တိုင်းကြားနိုင်ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)