မဲခေါင်-လန်ချန်း (၂၀၂၅) ဆိုလာနည်းပညာဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် ဆိုလာစွမ်းရည် စမ်းသပ်စင်တာတည်ထောင်ခြင်း စီမံကိန်းစတင် - Myanmar National Post

Myanmar National Post

News Agency

Breaking

မဲခေါင်-လန်ချန်း (၂၀၂၅) ဆိုလာနည်းပညာဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် ဆိုလာစွမ်းရည် စမ်းသပ်စင်တာတည်ထောင်ခြင်း စီမံကိန်းစတင်


နေပြည်တော်၊ မတ် ၆

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း (၂၀၂၅) ဖြင့် ပူးပေါင်းဆောင်ရွက်သည့် “Establishing Myanmar’s Solar PV Industry Technical Standards and Solar PV Testing Center” စီမံကိန်းစတင်ခြင်း အခမ်းအနားကို ၄-၃-၂၀၂၆ ရက်နေ့က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ Hybrid စနစ်ဖြင့်ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျီဟုန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ အီလက်ထရောနစ် နည်းပညာသုတေသနဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာပညာရှင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ နိုင်ငံ့သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း နိုင်ရေးနှင့် သာယာဝပြောကာ စဉ်ဆက်မပြတ် ဘက်စုံဖွံ့ဖြိုးသည့် နိုင်ငံ့အနာဂတ်ကောင်းများကို ဖော်ဆောင်နိုင်ရေးအတွက် ပေါကြွယ်ဝသည့် နေစွမ်းအင်ရင်းမြစ်များမှ ဆိုလာစီမံကိန်းကြီးများနှင့် ဆိုလာအသေးစားစနစ်များဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ MSME လုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းဆောင် ရွက်လျက်ရှိပြီး မြို့ပြကျေးလက်မရွေး ဆိုလာစနစ်များ တပ်ဆင်သုံးစွဲမှုများ သိသာစွာမြင့်တက်လာရာ ဆိုလာနည်းပညာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရန်နှင့် အရည်အသွေးပြည့်မီကာ အာမခံချက်ရှိ ရန်လိုအပ်ကြောင်း။

အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ကမ္ဘာနှင့်ရင်ပေါင်တန်းကာ ဆိုလာစနစ်များကို ပြည်သူများ ပိုမိုအကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်ရေး ယခု မဲခေါင်-လန်ချန်း စီမံကိန်းဖြင့် တည်ထောင်မည့် ဆိုလာစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ စမ်းသပ်စင်တာသည် အုတ်မြစ်ကောင်း တစ်ခုပင်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် ယမန်နှစ်က စိန်ရတုပြည့်နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေရန် တစ်တပ်တစ်အား အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ စီမံကိန်းမှ အကျိုးကျေးဇူးများကို ပိုမိုတိုးပွားစေရေးအတွက် ဆိုလာ Stakeholders များအားလုံး ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန် မြှင့်တင်သွားရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျီဟုန်က အမှာစကား ပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာ မိတ်ဆက်ပြောကြားပြီး ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက် ထရောနစ် နည်းပညာသုတေသနဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ နိုင်ငံတကာပညာရှင်များက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြကြသည်။

ယခုစီမံကိန်းသည် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း (၂၀၂၂) ဆိုလာစီမံကိန်း၏ နောက်ဆက်တွဲ စီမံကိန်းအဖြစ် ဆက်လက်ဆောင် ရွက်ခြင်းဖြစ်ပြီး မျှော်မှန်းရလဒ်များမှာ နိုင်ငံတော်ရှိ ဆိုလာလုပ်ငန်းများအတွက် နည်းပညာ စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊ ဆိုလာစွမ်းအင် စမ်းသပ်စင်တာတည်ထောင်ခြင်း၊ ဆိုလာ Stakeholders များအားလုံး၏ နည်းပညာကျွမ်းကျင်မှုကို မြှင့်တင်ပေးခြင်း၊ နိုင်ငံ့ဆိုလာစီမံကိန်းများ အတွက် အထောက်အကူပြုခြင်းအပြင် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ဆိုလာစီမံကိန်းများတွင် အကျိုးရှိရှိ မှီငြမ်းအသုံးချနိုင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)