Pages

Pages

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်



နေပြည်တော်၊ မေ ၁၁

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် AA အဖွဲ့ နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၃၁ ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ၃ ဦး၊ မြောက်ဦးမြို့နယ်မှ ၁ ဦး၊ မောင်းတောမြို့နယ် မှ ၁ ဦး၊ ရသေ့တောင်မြို့နယ်မှ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ၁ ဦး စုစုပေါင်း AA အဖွဲ့ဝင် အမျိုးသား ၇ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှ ၂ ဦး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှ ၂ ဦး၊ ကြံခင်းမြို့နယ်မှ ၁ ဦး၊ လေးမျက်နှာမြို့နယ် မှ ၁၂ ဦး၊ အင်္ဂပူမြို့နယ်မှ ၃ ဦး၊ရေကြည်မြို့နယ် မှ ၂ ဦး၊မော်လမြိုင်ကျွန်းမြို့နယ်မှ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်မှ ၁ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၂၄ ဦး တို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင်အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီ ခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြ သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေများနှင့်ပက်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 သေနတ် ၃ လက်၊ M-22 သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၃၃၈ တောင့် နှင့် ကျည်အိမ် ၆ ခုတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်ခဲယမ်း များနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၅လက် အတွက် ငွေကျပ်သိန်း ၂၅၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ငွေကျပ် ၃ သိန်းနှင့် ဥပဒေဘောင်အတွင်းဝင်ရောက် လာသူများအတွက် ငွေကျပ် ၉၃ သိန်း ၊ စုစုပေါင်း ငွေကျပ် ၃၄၆ သိန်းကို ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်း သူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ အုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေး ပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင် တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစား ဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်း စွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်း များသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


#MNP #News 

No comments:

Post a Comment