နေပြည်တော်၊ မေ ၁
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေ သကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များသည်လည်း အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက် နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင် ကျေးရွာအနီး သံလွင်မြစ်ကူး ကူးတိုဆိပ်၌ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ယနေ့ နံနက်ပိုင်း ၂နာရီခန့်တွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၃ ဦး အား ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူများ၏ ကနဦးထွက်ဆိုချက်အရ ၎င်းတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်း လောင်းကစား လုပ်ကိုင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိသဖြင့် တရုတ်နိုင်ငံသို့ ပြန်ရန်အတွက် တောလမ်းအတိုင်း ထွက်ပြေးလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရ သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#MNP #News


No comments:
Post a Comment