Pages

Pages

တာချီလိတ် အလှမယ် ၏ လုပ်ရပ်နှင့် ပတ်သက်၍



MGM 2026 | National Costume Competition တင်ဆက်မှုမှာ တာချီလိတ် အလှမယ် က သီလရှင်ဆရာလေးများ ဝတ်စုံကို ဖက်ရှင်အဖြစ် အသုံးပြုသွားခဲ့ပါတယ်။ ဒီကိစ္စအပေါ်မှာ ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ကြေညာသူကလည်း ပေါက်ပန်းစေးတွေ စီကာပတ်ကုံး ပြောဆိုကြေညာသွားတာကို တွေ့မြင်ကြားသိလိုက်ရမှာပဲ ဖြစ်ပါတယ်။

တာချီလိတ် အလှမယ် ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ Miss Grand Myanmar, National Director မရန်ဆိုင်းနော်  က ဆယ်လီမီဒီယာတွေကနေ တောင်းပန်ထားတာကိုလည်း တွေ့ရတယ်။ မရန်ဆိုင်းနော် က ‘တာချီလိတ် အလှမယ်က ဆရာလေး ဝတ်စုံကို အစီအစဉ်ထဲမှာ မပါပဲ လုပ်ခဲ့တယ်။ စာချုပ်ပါအတိုင်း သူ့ကို အရေးယူသွားမှာပါ။ ဒီအမှားတွေ အားလုံးက ကျနော့်ရဲ့ တာဝန်ပါ’ စသည်အားဖြင့် ပြောဆိုပြီး တောင်းပန်ထားပါတယ်။

အနုပညာနဲ့ ဆက်စပ်တဲ့ အခမ်းအနားတွေမှာ ဒီလို ပြဿနာတွေ မကြာခဏ ကြုံတွေ့ရပါတယ်။ တစ်ခါဖြစ်ဖူးလို့ ဆင်ခြင်သွားကြသလားလို့ ဆန်းစစ်ကြည့်ရင် ပြဿနာဖြစ်အောင်ကို ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ ယူဆစရာ ရှိပါတယ်။

ဒီမိုကရေစီခေတ်ပြောင်း၊ စနစ်ပြောင်းနဲ့ တွေ့ဖူးကြုံဖူးသမျှ ဘာသာရေးပြဿနာ ဖန်တီးမှုတွေမှာ ဆိုရင် ဗဟန်းမြို့နယ်အတွင်းမှာ နိုင်ငံခြားသားပိုင်ဆိုင်မှု ပါဝင်တဲ့ Bar တစ်ခုမှာ ဗုဒ္ဓပုံတော်ကို နားကြပ်တပ်ပြီး ကြော်ငြာဖန်တီးတာ၊ အမေရိကန်သံရုံးက ကျင်းပတဲ့ ပန်းချီပြပွဲမှာ ဗုဒ္ဓပုံတော်ကို Mask တပ်ပြီး မဖွယ်မရာ လုပ်ခဲ့တဲ့ ပြဿနာတွေ ရှိပါတယ်။ နောက်ပိုင်း အကြမ်းဖက်လှုံ့ဆော်သူ အဆိုတော် ချစ်သုဝေ ရဲ့ အဖေ ဆိုသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာမှာ ဗုဒ္ဓရဲ့ လက္ခဏာတော်ကို ထည့်သွင်းပြီး ရေးဆွဲတာမျိုးတွေ လုပ်ခဲ့တယ်။ ကိုဗစ်ကာလမှာလည်း သံဃာတော်တွေကပဲ ကိုဗစ် ဖြန့်ဖြူးသယောင် အနုပညာရှင်တွေကပဲ ရည်ရွယ်ချက်ရှိရှိ ပျက်ရယ်ပြုစော်ကားခဲ့တာတွေကို တွေ့ခဲ့မြင်ခဲ့ရပါတယ်။ အခြားသော ဘာသာရေးစော်ကားမှု ပြဿနာဖန်တီးမှုတွေလည်း ရှိပါသေးတယ်။

အနီးစပ်ဆုံး အကယ်ဒမီပေးပွဲမှာ ဗုဒ္ဓဦးခေါင်းတော်ကို ဖက်ရှင်အဖြစ် ကိုင်ဆောင်ခဲ့တဲ့ အောင်ကိုမိုး ဆိုသူကို  ကိုအောင်ကျော်ဦး က တရားလိုပြုလုပ်ပြီး နေပြည်တော်မှာ တရားစွဲဆိုခဲ့တယ်။ အခု ထောင်ကျနေပြီ ဖြစ်ပါတယ်။ 

ဘာသာရေးနဲ့ ပတ်သက်ပြီး မဖွယ်မရာ လုပ်မှုကြောင့် ပေါ်ပေါက်လာတဲ့ ပြဿနာသတင်းတွေ မီဒီယာတွေမှာ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြပါတယ်။ သို့သော်လည်း အလားတူ ပြဿနာမျိုး ဖြစ်အောင်ပဲ တမင် ဖန်တီးတယ်ဆိုတဲ့ လုပ်ရပ်ဟာ အင်မတန် ဆိုးရွားလှပါတယ်။

Miss Grand Myanmar, National Director မရန်ဆိုင်းနော်  က ဒါမျိုးဖန်တီးဖို့ အစီအစဉ်ထဲမှာ မပါဘူးလို့ ပြောသည့်တိုင်အောင် ကာယကံရှင် အမျိုးသမီးက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှာ ဖြစ်လို့ ဝတ်ဆင်လာပြီးသားလို့ ယူဆရပါတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ နောက်ကွယ်က ဘယ်သူ က သွေးထိုးမြှောက်ပင့်ပေးလို့ လုပ်လိုက်သလဲ ဆိုသည်ကို ပေါ်ပေါက်အောင် စိစစ် အရေးယူရမှာ ဖြစ်ပါတယ်။

မကြာသေးမီ က သရဏဂုံသုံးပါးသီးချင်း ကို Bar မှာ DJ နဲ့ ဖျော်ဖြေခဲ့တဲ့ အနုပညာရှင် တစ်ယောက် လူထုကြားမှာ ဝေဖန်မှု မြင့်တက်လာပြီး ဆရာတော်များထံ အပြေးအလွှား သွားရောက်တောင်းပန်တာကို တွေ့ခဲ့ရပါတယ်။ သံဃာတော်များအနေနဲ့ကတော့ တောင်းပန်ရင် လက်ခံကျေအေးပေးရတာ ဖြစ်တဲ့အတွက် ပြောဆိုဆုံးမပြီး ပြီးသွားတာပါပဲ။

သို့သော် ဒီလိုပြဿနာတွေက ရည်ရွယ်ချက်ရှိရှိ လုပ်ပြီးမှ တောင်းပန်လို့ ကျေအေးရမယ့် ပြဿနာမျိုး မဟုတ်၊ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်ရမယ့် ပြဿနာမျိုး ဖြစ်တဲ့အတွက် အဲဒီလို ပြဿနာမျိုးတွေ ပေါ်ပေါက်လာတဲ့အခါ လာရောက်တောင်းပန်တာမျိုးကို လက်မခံကြဖို့ စာထုတ်ခဲ့ရသည် ဖြစ်ခဲ့ပြီး ကျူးလွန်သူကိုလည်း အရေးယူခဲ့ပါတယ်။

တာချီလိတ် အလှမယ် က သီလရှင်ဝတ်စုံ ကို ဖက်ရှင်အဖြစ် အသုံးပြု၍ မဖွယ်မရာ လုပ်ခဲ့သည့် အမှုကိစ္စအတွက်လည်း တာဝန်ရှိသူများက တာဝန်ရှိသည့်အလျှောက် တာဝန်ယူပြီး အရေးယူဆောင်ရွက်သင့်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News 

No comments:

Post a Comment