နိုင်ငံတော်သမ္မတကြီးက မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် အစည်းအဝေးများတွင် အခါအားလျော်စွာ ထည့်သွင်းပြောကြားသည်ကို မှတ်သားမိကြပေလိမ့်မည်။ နိုင်ငံတော်သမ္မတတာဝန် အပ်နှင်းခံရပြီး ကတိသစ္စာပြုပွဲတွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင်လည်း ပညာရေးကဏ္ဍနှင့် စပ်လျဉ်း၍ ထည့်သွင်းပြောကြားသွားခဲ့သည်။
နိုင်ငံတော်သမ္မတကြီးက နိုင်ငံရဲ့အနာဂတ်အတွက် အဓိကကျတဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍကို အခြေခံအဆင့်ကစလို့ မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း၊ မိမိတို့ရဲ့ ကလေးတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ လူငယ်တွေမှာ နိုင်ငံတကာအဆင့်မီပညာရေးကိုရရှိဖို့နဲ့ ပြည်သူတိုင်းကျန်းမာရေးစောင့်ရှောက်မှု အလွယ်တကူရရှိစေဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့တဲ့အချိန်ကစလို့ ခေတ်အဆက်ဆက်ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နယ်စပ်ဒေသအပါအဝင် တချို့ဒေသတွေမှာ ပညာသင်ကြား ခွင့်တွေဆုံးရှုံးခဲ့ရပြီး ပညာရည်နိမ့်ပါးခဲ့ကြရကြောင်း၊ ယခုလည်း တချို့ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးတွေရဲ့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရကြောင်း၊ ဒါကြောင့် ပညာရေးကဏ္ဍကို နေရာဒေသကွာခြားမှုမရှိ တစ်ပြေးညီမြှင့်တင်နိုင်ဖို့အတွက် အထူးအလေး ပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ရာတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်အတူ ပုဂ္ဂလိကကျောင်းများဖွင့်လှစ်ခွင့်ပေးခဲ့သည်။ အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများဟူ၍ ရှိလာသည်ဖြစ်ရာ အစိုးရကျောင်းများတွင် စည်းကမ်းပိုင်းအရ ထိန်းသိမ်းမှုအားနည်းခြင်း၊ ဆရာ ဆရာမများ၏ နာသုံးနာ လျော့ကျလာခြင်းတို့ကြောင့် ပုဂ္ဂလိကကျောင်းများဘက်ကို ပိုမိုအားကိုလာကြသည်ကို တွေ့မြင်ရသည်။
စည်းကမ်းထိန်းသိမ်းမှု အားနည်းရခြင်းအပိုင်းနှင့် စပ်လျဉ်း၍ ယခင်အစိုးရလက်ထက်က ကျောင်းသား၊ ကျောင်းသူများကို ရိုက်နှက်ဆုံးမခြင်း မပြုရဟူသော စည်းကမ်းသတ်မှတ်ချက်အရ ဆရာ ဆရာမများ၏ သွန်သင်ဆုံးမှုများလည်း လျော့ကျလာပြီး စည်းကမ်းပိုင်း အားနည်းလာခြင်းမျိုးလည်း ရှိသည်။ တချို့သော ဆရာ ဆရာမများက "အတတ်လည်းသင် ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန် ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့" ဆရာကျင့်ဝတ်နှင့်အညီ တပည့်များအပေါ် တပြေးညီသဘောထား၍ ဆိုဆုံးမသည်လည်း ရှိသည်။ တချို့သော ဆရာ၊ ဆရာမများမှာ ကျောင်းသား ကျောင်းသူများအပေါ် မလိုမုန်းထားစိတ်ဓာတ်ဖြင့် တရားလွန် တရားမဲ့ လုပ်ဆောင်ခဲ့သည့် ပြဿနာများလည်း ပေါ်ပေါက်ခဲ့ဖူးသည်။
စာသင်ကျောင်းများတွင် စည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သက်၍ လျော့လွန်းခြင်း၊ တင်းလွန်းခြင်း အစွန်းနှစ်ပါးကို ရှောင်ရှား၍ "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက" ဟူသော ဆောင်ပုဒ်နှင့်အညီ ဆရာ ဆရာမများကလည်း ဆရာကောင်းစိတ်ဓာတ်ဖြင့် သွန်သင်ဆုံးမကြ၍ ကျောင်းသား ကျောင်းသူများကလည်း လိုက်နာသင့် လိုက်နာအပ်သော စည်းကမ်းများကို လိုက်နာကြခြင်းဖြင့်လည်းကောင်း၊ ကျောင်းသား မိဘများကလည်း ကျောင်းစည်းကမ်းများကို သိရှိပြီး ဝိုင်းဝန်းထိန်းသိမ်းခြင်းအားဖြင့်လည်းကောင်း စည်းကမ်းကောင်းမွန်သော မျိုးဆက်သစ် ကျောင်းသားလူငယ်များကို မြေတောင်မြှောက်ပေးနိုင်လိမ့်မည်။
လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်လာသော အခြေခံကျောင်းသားလူငယ်များ တစ်ဦးနှင့် တစ်ဦး သွေးထွက်သံယိုဖြစ်သည်အထိ ထိုးကြိတ်စော်ကားမှုများ၊ ကျောင်းသူများကလည်း အုပ်စုဖွဲ့ အနိုင်ကျင့်သည့် လုပ်ရပ်များ တွေ့မြင်လာရသည်ဖြစ်ရာ ကျောင်းသားမိဘများအနေဖြင့် အစိုးရကျောင်းများအပေါ် ပို၍ ယုံကြည်မှု လျော့ကျစေပါသည်။
သို့ဖြစ်ပါ၍ စည်ကမ်းထိန်းသိမ်းရေးပိုင်းတွင် လျော့ကျစေသော ယခင်အစိုးရလက်ထက်က သတ်မှတ်ခဲ့သည့် သတ်မှတ်ချက်အချို့ကို ဖြေလျှော့၍ ဆရာ ဆရာမများအနေဖြင့် ထိရောက်စွာ ဆုံးမနိုင်သည့် အခြေအနေတရပ်ကို ဖန်တီးပေးရမည်။ ကျောင်းစည်းကမ်းများကို ကျောင်းသား၊ ကျောင်းသူများကိုသာမက ကျောင်းသားမိဘများကို သိရှိနားလည်စေပြီး ဝိုင်းဝန်းထိန်းကျောင်းနိုင်အောင် ဆောင်ရွက်ကြရမည်။
အစိုးရစာသင်ကျောင်းများတွင် ကျောင်းတွင်းလူမိုက်၊ ကျောင်းတွင်းလူရမ်းကားလေးများ ရှိတတ်ကြသည်။ ထိုသို့သော ကျောင်းသားများကြောင့် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာပြီး ပြဿနာကြီးထွားသည်အထိ ဖြစ်ခဲ့ရသည်များလည်း ရှိသည်။ ကျောင်းတွင်း လူရမ်းကားလေးများသည် ကျောင်းကို ဓားယူလာခြင်း၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးများ သွင်းလာခြင်းကဲ့သို့သော ပြဿနာများကိုပင် ဖန်တီးတတ်ကြပါသည်။
အစိုးရကျောင်းများအပေါ် ပြည်သူလူထုက ယုံကြည်မှု လျော့နည်းလာလေ ပညာရေးဝိသမလောဘသားများ စီးပွားဖြစ်လေ ဖြစ်သည်။ အစိုးရကျောင်းများအပေါ် ကျောင်းသားမိဘများ ယုံကြည်မှု လျော့နည်းကျဆင်းလာအောင်လည်း ပုဂ္ဂလိကကဏ္ဍမှ ဝိသမလောဘသားများက မလိုတမာစိတ်ထားဖြင့် ကြံဆောင်နိုင်ပေသည်။ ထိုသို့သော အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစား၍ အစိုးရကျောင်းများအလိုက် ကျောင်းအုပ်ဆရာ ဆရာမကြီးများက အထူးကြပ်မက် စီမံရမည့် ကာလဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးနိမ့်ပါးလာသည့် အခြေအနေမှန်ကို တွက်ဆမိပြီး ပညာရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများသာမက ကျောင်းသားမိဘများကပါ ပူးပေါင်းဆောင်ရွက်ပါမှ ပြုပြင်ပြောင်းရေး လုပ်ငန်းစဉ်တစ်ခု အောင်မြင်နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတကြီးက "ကျွန်တော်တို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာမှာ ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အများကြီးလိုအပ်ပါတယ်။ မြန်မာတို့ဟာ ဉာဏ်ရည်ထက်မြက်သူတွေဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင်များစွာပေါ်ထွက်ခဲ့ပါတယ်။ အနာဂတ်နိုင်ငံတော်ရဲ့တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ကြရမယ့် မျိုးဆက်သစ်လူငယ်တွေအတွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ့် အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်ဖို့နဲ့ ဗလငါးတန်ပြည့်ဝဖို့အတွက် ပညာရေးကဏ္ဍကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်" ဟု ပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာနအပြင် လူငယ်ရေးရာဝန်ကြီးဌာနကိုပါ တိုးချဲ့ဖွဲ့စည်းခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ပညာရေးကဏ္ဍ၊ လူငယ်ကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်လိုသည်မှာ ထင်ရှားပါသည်။
လူ့စွမ်းအားအရင်းအမြစ်များကို တိုင်းပြည်အတွက် ကောင်းကျိုးဖြစ်စေရန် ရှေးရှုဆောင်ရွက်နေသည့် ကာလတွင် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အနာဂတ် နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် ပညာတတ်လူသား အရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရေး အစိုးရကျောင်းများ၏ စည်းကမ်းထိန်းသိမ်းရေးကို မြှင့်တင်ဆောင်ရွက်သင့်ပါကြောင်း ။ ။
#MNP #News

No comments:
Post a Comment