ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာကာသမြို့တော် (Aerospace City) သို့သွားရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာကာသမြို့တော် (Aerospace City) သို့သွားရောက်လေ့လာ






နေပြည်တော်၊ ဇွန် ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် အာကာသမြို့တော် (Aerospace City) သို့ သွားရောက်လေ့လာ ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင် များအား Aerospace City အတွင်းရှိ တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပို ရေးရှင်း(CASC)၌ Aerospace City ၏ အမှုဆောင်ချုပ်ဖြစ်သူ မစ္စတာ ကျိုးကျဲ နှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ 

ထို့နောက် ခန်းမဆောင်တွင် Aerospace City မှ အမှုဆောင်ချုပ်က ယခုကဲ့သို့ တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ လာရောက်လေ့လာမှုအပေါ် များစွာဂုဏ်ယူဝမ်းမြောက် ရပါကြောင်း၊ မြန်မာ - တရုတ် နှစ်နိုင်ငံနှင့် ပြည်သူများသည် နှစ်နိုင်ငံ နိုင်ငံ့ ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် ဆက်ဆံရေးအထူးကောင်းမွန်လျက်ရှိပါ ကြောင်း၊ နှစ်နိုင်ငံ  ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ပြည်သူများမှ ပေါက်ဖွား လာခြင်းဖြစ်ပြီး အေးအတူပူအမျှ အပြန်အလှန် ဖေးမကူညီကြသည့် ကောင်းမွန် သည့် ချစ်ကြည် ရင်းနှီးမှုပင်ဖြစ်ပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် Aerospace City မှ အမှုဆောင်ချုပ်နှင့် တာဝန်ရှိသူများက Aerospace City ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး Aerospace City ဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသရာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက ကြည့်ရှုလေ့လာပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Exhibition Hall အတွင်းရှိ Aerospace City ၏ သမိုင်းကြောင်းဆိုင်ရာ ပြခန်း၊ Baidu Navigation System ပြခန်း ၊ Telecomunication System ပြခန်း ၊ Earth Remote Sensing(ERS) ဆိုင်ရာပြခန်း၊ အာကာသယာဉ်မှူးလေ့ကျင့်ရေးစနစ်ဆိုင်ရာပြခန်း တို့အား ပြခန်းတစ်ခုချင်းစီအလိုက် လှည့်လည့်ကြည့်ရှုကြရာ Aerospace City မှ အမှုဆောင်ချုပ်နှင့် ပြခန်းများအလိုက် တာဝန်ရှိသူများက တရုတ်နိုင်ငံမှ  အာကာသအတွင်းသို့ အာကာသယာဉ်များ လွှတ် တင်နိုင်ခဲ့မှုသမိုင်းကြောင်းဆိုင်ရာများနှင့် မြေပြင်သို့ အောင်မြင်စွာ ပြန်လည်ဆင်းသက် နိုင်ခဲ့မှုများ၊ အာကာသစခန်း တည်ဆောက်နိုင်ခဲ့မှုများ၊ လပေါ်သို့ အောင်မြင်စွာ ဆင်း သက်နိုင်ခဲ့မှု၊ ပစ္စည်းများသယ်ယူပို့ဆောင်နိုင်ခဲ့မှုများ၊ အာကာသယာဉ်များ၏ စွမ်း ဆောင်ရည်များနှင့် သမိုင်းကြောင်းဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍ရှင်းလင်း တင်ပြကြသည်။ 

အဆိုပါ Aerospace City သည် ပေကျင်းမြို့ Haiden district ၏ အနောက် မြောက်ပိုင်းတွင်တည်ရှိပြီး၊ “Project 921” ဟု မကြာခဏ ရည်ညွှန်းလေ့ရှိကာ အာကာ သယာဉ်မှူးလေ့ကျင့်ရေး အခြေစိုက်စခန်းနှင့် မစ်ရှင်ထိန်းချုပ်ရေးစင်တာတစ်ခုဖြစ် ကြောင်း၊ အဆိုပါ အဆောက်အအုံသည် ပေကျင်းအနောက်မြောက်ပိုင်းရှိ ၂.၃ စတုရန်း ကီလိုမီတာ (ဧက ၅၇၇) ကျယ်ဝန်းသော မြေပေါ်တွင်တည်ရှိသော ကြီးမားသည့် ကျောင်းဝင်းတစ်ခုဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ပေကျင်း အာကာသ ထိန်းချုပ်ရေးစင်တာ (Beijing Aerospace Control Centre - BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (China Academy of Space Technology - CAST)နှင့် တရုတ်အာကာသယာဉ်မှူးစင်တာ (Astronaut Centre of China - ACC) တို့၏အခြေစိုက်ရာနေရာဖြစ်သည်။

Aerospace City အတွင်းရှိ တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC)သည် တရုတ်ဗဟိုအစိုးရမှ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲသော နိုင်ငံတော်ပိုင် အဆင့်မြင့်နည်းပညာအဖွဲအစည်းတစ်ခုဖြစ်ကြောင်း၊ တရုတ်အာကာသအစီအစဉ်များ ကို အဓိကဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ကာကွယ်ရေးနှင့် အာကာသဆိုင်ရာ စူးစမ်း လေ့လာမှုများကို ပြုလုပ်ပေးလျက်ရှိကြောင်း၊ အာကာသစနစ်များအတွက် ကမ္ဘာ့ အဆင့်မီ ကုမ္ပဏီစုစုပေါင်း ၅၀၀ မှ ပေါင်းစည်း၍ သုတေသန၊ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ စမ်းသပ်မှုနှင့်ဂြိုလ်တုလွှတ်တင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ CASC သည် အာကာသပို့ဆောင်ရေးစနစ်အနေဖြင့် တရုတ်အာကာသပျံသန်းမှု၏ အဓိကမဏ္ဍိုင်ဖြစ်သော ချန်ကျန်း (Changzheng) တာဝေးပစ်ဒုံးယာဉ်များ၏ ဒီဇိုင်းပြုလုပ်ခြင်းနှင့် ထုတ်လုပ်ခြင်း၊ မောင်းနှင်သူလိုက်ပါသော အာကာသယာဉ်ပျံသန်းရေးနှင့် စူးစမ်း လေ့လာရေးလုပ်ငန်းများအနေဖြင့် ထျန်းကုန်း (Tiangong) အာကာသစခန်း တည် ဆောက်ခြင်း၊ ချန်အာ(Chang'e) လ သို့ စူးစမ်းလေ့လာရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ထျန်းဝမ် (Tianwen) မားစ်သို့ စူးစမ်းလေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဂြိုလ်တုစနစ်များဖြစ်သည့် ပေသို (BeiDou) ဂြိုလ်တုစနစ်ပတ်လမ်းကြောင်း အပါ အဝင်၊ ကောင်းဖန်း(Gaofen) ကမ္ဘာကို လေ့လာသော ဂြိုလ်တုနှင့် ဆက်သွယ်ရေး ဂြိုလ်တုများထုတ်လုပ်ခြင်းနှင့် စီမံဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး အာကာသနည်းပညာအသုံးချမှုအနေဖြင့် သတင်းအချက်အလက်နည်းပညာ၊ စွမ်း အင်သစ်၊ အဆင့်မြင့်ထုတ်ကုန်များနှင့်ပတ်ဝန်းကျင် အကာအကွယ်ပေးရေးဆိုင်ရာ အထောက်အကူပြုကိရိယာများထုတ်လုပ်ခြင်းတို့ကို အရပ်ဘက်ကဏ္ဍများအထိ နည်း ပညာကျယ်ပြန့်စွာအသုံးချနိုင်ရေးတို့အတွက် အဓိကထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး မြန်မာနိုင်ငံသို့လည်း အာကာသနည်းပညာဆိုင်ရာများ ဖြန့်ဝေပေးခြင်း၊ အာကာသနည်းပညာဆိုင်ရာ ပညာတော်သင် သင်တန်းသားများ ခေါ်ယူလေ့ကျင့် သင်ကြားပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည့် သစ်တော၊ ရာသီဥတု၊ ရေအရင်းအမြစ်နှင့် ပထဝီဆိုင်ရာအချက်အလက်များကို  ဂြိုဟ်တုနည်းပညာအသုံးပြု၍ တိုးတက်မြင့်မားအောင်ဆောင်ရွက်ခြင်းတို့၌ ပူးပေါင်း ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။ 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံ၏ လူလိုက်ပါသောအာကာသယာဉ် (Manned Spaceflight) အာကာသယာဉ်မှူးလေ့ကျင့်ရေးစနစ်ဆိုင်ရာပြခန်း အတွင်း လေ့လာ ကြည့်ရှုကြကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Aerospace City မှ အမှုဆောင်ချုပ်နှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး ကျောက်ယွီထိုင် နိုင်ငံတော် ဧည့်ဂေဟာသို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)