Pages

Pages

အရိယာမဏ္ဍိုင်တောရရိပ်သာဦးသူရိယရဲ့ အမှားများကို ဓမ္မဒေသနာများဖြင့် ခွဲခြမ်းစိတ်ဖြာပြခြင်း (အပိုင်း- ၁)


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီးမှာ တည်ရှိတဲ့ အရိယာမဏ္ဍိုင်တောရရိပ် သာ တည်ထာင်သူ ကျောင်းပိုင် ကျောင်းထိုင် ဦးသူရိယက

ပါချုပ်ဆရာတော်ကြီးလို့ ထင်ရှားကျော်ကြားတော်မူတဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသထံ  သွားရောက်ပြီး တရားလျှောက်ထားမေးမြန်း ဆွေးနွေးခြင်းဆိုတဲ့ ရုပ်သံဖိုင်တစ်ဖိုင် ရောက်ရှိပျံ့လာခဲ့ 

ပါတယ်။ 

ဦးသူရိယ

အရှင်ဘုရား ဟောတဲ့တရားဆို ဘယ်နေရာမှာ တပည့် တော်အတွက် တရားကျင့်စဉ်မှာ တပည့်တော် အကျိုးကြီး လဲလို့ (ဆင်ခြင်တယ်။)

ဝေဖန်ချက်

အထက်ပါစကားစုက အရှင်သူရိယရဲ့ လျှောက်ထားချက် ဖြစ်ပါတယ်။ ပါချုပ်ဆရာတော်ကြီး ဟောတဲ့ တရားတွေထဲ မှာ တရားကျင့်စဉ်မှာ အကျိုးကြီးတဲ့ ဟောပြောချက်တွေကို နာယူမှတ်သား ဆင်ခြင်ပါတယ်လို့ စတင်လျှောက်ထား ချက် ဖြစ်ပါတယ်။ မိတ်ဆက်စကားလို့ ဆိုနိုင်ပါတယ်။ အရှင်သူရိယရဲ့ မိတ်ဆက်စကား ဖြစ်ပါတယ်။ 

ဦးသူရိယ 

 ပြီးတော့ ပဋိစ္စသမုပ္ပာဒ် ဆင်ခြင်တော့ တပည့်တော်က ဝေဒနာ (၃)မျိုးပေါ့။ ဝေဒနာနဲ့ တဏှာ ကြားမှာ ဖြစ်တယ် ဆိုပြီးတော့ မိုးကုတ်ဆရာတော်ကြီးက ဟောထားတာ ရှိတယ်။ 

ဝေဖန်ချက်

အထက်ပါ အရှင်သူရိယရဲ့စကားစုမှာ  မိုးကုတ်ဆရာ တော်ကြီးက ဝေဒနာနဲ့ တဏှာ ကြားမှာ ဖြစ်တယ်လို့ ဟောထားတယ်လို့ ပြောထားပါတယ်။ အနုလုံ ပဋိစ္စ သမုပ္ပဒ်မှာ ဝေဒနာပစ္စယာ တဏှာလို့ ဘုရားရှင် ဟော ထားပါတယ်။ 

အနုလုံ ပဋိစ္စသမုပ္ပဒ်ကို စိစစ်ကြည့်ရင် "အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ"-အထိမှာ အတိတ်အကြောင်းပြ ဒေသနာပိုင်း ဖြစ်ပါတယ်။ မုချအားဖြင့် အတိတ်အကြောင်း ၂ မျိုးကို သိစေချက် ဖြစ်ပါတယ်။ အဝိဇ္ဖာရယ်၊ သင်္ခါရရယ်၊ အဲဒါကို အတိတ်အကြောင်း ၂ ပါးလို့ ခေါ်ပါတယ်။ တဏှာ ရယ်၊ ဥပါဒါန်ရယ်၊ ကမ္မဘဝရယ်လို့ ၃ မျိုး ထည့်ယူရင် အတိတ်အကြောင်း ၅ မျိုး ရပါတယ်။ 

"ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာ ယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေ ဒနာ၊ ဝေဒနာပစ္စယာ"-အထိမှာ ပစ္စုပ္ပန်အကျိုးပြဒေသနာ ပိုင်း ဖြစ်ပါတယ်။ ပစ္စုပ္ပန်အကျိုး ၅ မျိုးကို သိစေချက် ဖြစ် ပါတယ်။ ဝိညာဏ်ရယ်၊ နာမ်ရူပ်ရယ်၊ သဠာယတနရယ်၊ ဖဿရယ်၊ ဝေဒနာရယ်။ အဲဒါကို ပစ္စုပ္ပန်အကျိုး ၅ မျိုး လို့ ခေါ်ပါတယ်။ 

"တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ"-အထိမှာ ပစ္စုပ္ပန်အကြောင်းပြဒေသနာပိုင်း ဖြစ်ပါတယ်။ မုချအားဖြင့် ပစ္စုပ္ပန်အကြောင်း ၃ မျိုးကို သိ စေချက် ဖြစ်ပါတယ်။ တဏှာရယ်၊ ဥပါဒါန်ရယ်၊ ကမ္မဘဝ ရယ်။ အဲဒါကို ပစ္စုပ္ပန်အကြောင်း ၃ မျိုးလို့ ခေါ်ပါတယ်။ 

အဝိဇ္ဖာရယ်၊ သင်္ခါရရယ်လို့ ၂ မျိုး ထည့်ယူရင် ပစ္စုပ္ပန် အကြောင်း ၅ မျိုး ရပါတယ်။ 

"ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ"-အထိမှာ အနာဂတ်အ ကျိုးပြဒေသနာပိုင်း ဖြစ်ပါတယ်။ အနာဂတ်အကျိုး ၂ မျိုးကို သိစေချက် ဖြစ်ပါတယ်။ ဇာတိရယ်၊ ဇရာမရဏ ရယ်။ အဲဒါကို အနာဂတ်အကျိုး ၂ မျိုးလို့ ခေါ်ပါတယ်။ 

ဒီနေရာမှာ ဇာတိ ဇရာ မရဏဆိုတာ အဘိဓမ္မာနည်း အသုံးအနှုန်း မဟုတ်ပါဘူး။ ပရမတ္ထဒေသနာနည်း စကား လုံးတွေ မဟုတ်ပါဘူး။ သုတ္တန်နည်း အသုံးအနှုန်း ဖြစ်ပါတယ်။ ဝေါဟာရဒေသနည်း စကားလုံးတွေ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဇာတိ ဇရာ မရဏဆိုတဲ့ စကားလုံးတွေရဲ့ အဘိဓမ္မာနည်း ပရမတ္ထဒေသနာနည်း အရကောက်ကို သိဖို့ အရေးကြီးပါတယ်။ အရကောက်ဆိုတာ ပရမတ္ထ တရားအစစ်ကို ရအောင် ဖော်ထုတ်ကောက်ယူရတာကို ဆိုလိုပါတယ်။ တရားကိုယ် ကောက်တာလို့လည်း သုံးပါ တယ်။ ဇာတိ ဇရာ မရဏဆိုတဲ့ စကားလုံးတွေရဲ့ တရား ကိုယ်ကို ကောက်မယ်ဆိုရင် ဝိညာဏ်ရယ်၊ နာမ်ရူပ်ရယ်၊ သဠာယတနရယ်၊ ဖဿရယ်၊ ဝေဒနာရယ်လို့ ၅ မျိုးကိုပဲ ကောက်ယူရပါတယ်။ အဲဒီ ၅ မျိုးကို အနာဂတ်အကျိုး ၅ မျိုးလို့ ခေါ်ပါတယ်။ 

ပြန်ချုပ်ကြည့်ရင် အတိတ်အကြောင်း ၅မျိုး၊ ပစ္စုပ္ပန်အကျိုး ၅မျိုး၊ ပစ္စုပ္ပန်အကြောင်း ၅မျိုး၊ အနာဂတ်အကျိုး ၅မျိုး၊ ပေါင်းရင် ၂၀ ဖြစ်ပါတယ်။ အဲဒါကို အချင်းအရာ ၂၀ လို့ ခေါ်ပါတယ်။ အကြောင်းအကြောင်းရယ်၊ ပစ္စုပ္ပန် အကျိုးရယ်၊ ပစ္စုပ္ပန်အကြောင်းရယ်၊ အနာဂတ်အကျိုးရယ်လို့ ယူရင် ၄မျိုး ရပါတယ်။ အဲဒါကို အလွှာ၄မျိုးလို့ ခေါ်ပါတယ်။

သင်္ခါရနဲ့ ဝိဉာဏ် ဆက်စပ်တာကို အတိတ်အကြောင်းနဲ့ ပစ္စုပ္ပန်အကျိုး ဆက်စပ်တဲ့ အစပ် ၁စပ်လို့ ယူရပါတယ်။

ဝေဒနာနဲ့ တဏှာ ဆက်စပ်တာကို ပစ္စုပ္ပန်အကျိုးနဲ့ ပစ္စုပ္ပန်အကြောင်း ဆက်စပ်တဲ့ အစပ် ၁ စပ်လို့ ယူရပါ တယ်။ ကမ္မဘဝနဲ့ ဇာတိ ဆက်စပ်တာကို ပစ္စုပ္ပန် အကြောင်းနဲ့ အနာဂတ်အကျိုး ဆက်စပ်တဲ့ အစပ် ၁ စပ်လို့ ယူရပါတယ်။

ဒီနေရာမှာ အတိတ်ဆိုတာ အတိတ်ဘဝ=အတိတ်အချိန် ကာလများမှာ ဖြစ်ခဲ့တဲ့ တရားတွေလို့ ဆိုလိုပါတယ်။ ပစ္စုပ္ပန်ဆိုတာ ပစ္စုပ္ပန်ဘဝ=ပစ္စုပ္ပန်အချိန်ကာလများမှာ ဖြစ်နေတဲ့ တရားတွေလို့ ဆိုလိုပါတယ်။ အနာဂတ်ဆိုတာ 

အနာဂတ်ဘဝ=အနာဂတ်အချိန်ကာလများမှာ ဖြစ်လာ မယ့် တရားတွေလို့ ဆိုလိုပါတယ်။ 

မိုးကုတ်ဆရာတော်ကြီးက "ဝေဒနာနဲ့ တဏှာ ကြားမှာ ဖြစ်တယ်"လို့ ဟောတယ်ဆိုတာ ဘာလဲဆိုရင် ဒီအစပ် ၃ မျိုးထဲက ပစ္စုပ္ပန်အကျိုးနဲ့ ပစ္စုပ္ပန်အကြောင်း ဆက်စပ် တာ ဖြစ်ပါတယ်။ ဆက်စပ်ပုံဆက်စပ်မည်းကတော့ ပစ္စုပ္ပန်အကျိုးဝေဒနာ ထင်ရှားရှိခြင်းကြောင့် ပစ္စုပ္ပန် အကြောင်းတဏှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အရှင် သူရိယက တိတိပပ မပြောတတ်လို့ "ဝေဒနာနဲ့ တဏှာ ကြားမှာ ဖြစ်တယ်"လို့ ပြောထွက်ထားတာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ ဝဋ်သုံးပါးအရ အဝိဇ္ဇာရယ် တဏှာရယ်  ဥပါ ဒါန်ရယ် သုံးပါးက ကိလေသဝဋ် ဖြစ်ပါတယ်။ တဏှာက သမုဒယသစ္စာ ဖြစ်ပါတယ်။ ကျန်၂ ပါးက သမုဒယသာမန် ဖြစ်ပါတယ်။ သင်္ခရရယ် ကမ္မဘဝရယ် ၂ ပါးက ကမ္မဝဋ် ဖြစ်ပါတယ်။ ဝိညာဏ်ရယ်၊ နာမ်ရုပ်ရယ်၊ သဠာယတနရယ်၊ ဖဿရယ်၊ ဝေဒနာရယ်၊ ဥပပတ္တိဘဝရယ်=ဇာတိရယ်၊ ဇရာ မရဏရယ်တို့က ဝိပါကဝဋ် ဖြစ်ပါတယ်။ ပယ်သတ် ပစ်ရမယ့်တရားက ကိလေသဝဋ်တရား ၃ ပါး ဖြစ်ပါတယ်။ 

ကမ္မဝဋ်နဲ့ ဝိပါကဝဋ်တွေကတော့ ပိုင်းခြားသိရမယ့်တရား တွေ ဖြစ်ပါတယ်။ 

ဒီနေရာမှာ သိစရာရှိတာက အနုလုံ ပဋိစ္စသမုပ္ပါဒ်မှာ ဝဋ္ဋ သစ္စာဖြစ်တဲ့ ဒုက္ခသစ္စာတရားရယ်၊ သမုဒယသစ္စာတရား ရယ်လို့ သစ္စာတရား ၂ မျိုးပဲ ရှိပါတယ်။ သစ္စာသိဉာဏ် ဖြစ်တဲ့ လောကုတ္တရပဋိဝေဓဉာဏ်ဖြင့် ဒုက္ခသစ္စာတရားကို ဒုက္ခသစ္စာတရားမှန်း ထိုးထွင်းသိနိုင်ပါတယ်။ သမုဒယ သစ္စာတရားကို သမုဒယသစ္စာတရားမှန်း ထိုးထွင်းသိနိုင်ပါ တယ်။ အဲဒါက အရိယပုဂ္ဂိုလ် ဖြစ်မှ သိတဲ့ အသိ ဖြစ်ပါ တယ်။ 

သစ္စာသိဉာဏ် ဖြစ်တဲ့ လောကီအနုဗောဓဉာဏ်ဖြင့် ဒုက္ခ သစ္စာတရားကို ဒုက္ခသစ္စာတရားမှန်း အတုလိုက်ပြီးတော့ သိနိုင်ပါတယ်။ အဲဒါက ပုထုဇဉ်ပုဂ္ဂိုလ်များအနေဖြင့် သိနိုင် တဲ့ အသိ ဖြစ်ပါတယ်။ 

ဝဋ္ဋသစ္စာ ၂ မျိုးထဲက  ဒုက္ခသစ္စာတရားကို ဒုက္ခသစ္စာတ ရားမှန်း သိပြီး ဒါတွေက ဒုက္ခသစ္စာတရားတွေပဲ၊ ပိုင်းခြား သိရမယ့်တရားတွေပဲလို့ ပိုင်းခြားသိရမှာ ဖြစ်ပါတယ်။ သမုဒယသစ္စာတရားကို သမုဒယသစ္စာတရားမှန်း သိပြီး ဒါတွေက သမုဒယသစ္စာတရားတွေပဲ၊ ပယ်သတ်ပစ်ရ မယ့်တရားတွေပဲလို့ ပယ်သတ်ပစ်ရမှာ ဖြစ်ပါတယ်။ 

ဒုက္ခသစ္စာတရားကို ဒုက္ခသစ္စာတရားမှန်း သိခြင်း၊ သမုဒယသစ္စာတရားကို သမုဒယသစ္စာတရားမှန်း သိခြင်းမှာ  ပုထုဇဉ်ပုဂ္ဂိုလ်က သိတာဆိုရင် အနုဗောဓဉာဏ်ဖြင့် သိ တာ ဖြစ်ပါတယ်။ လောကီမဂ္ဂသစ္စာတရား ဖြစ်ပါတယ်။ 

လောကီမဂ္ဂသစ္စာတရားက ဒုက္ခသစ္စာကို ပိုင်းခြားသိခြင်း ကိစ္စကို လုပ်ပါတယ်။ သမုဒယသစ္စာကို ပယ်သတ်ပစ်ခြင်း ကိစ္စကို လုပ်ပါတယ်။ တဒင်္ဂပဟာနသတ္တိ မျှသာရှိတဲ့အ တွက် ဒုက္ခသစ္စာတရားကို ဒုက္ခသစ္စာတရားမှန်း မသိတာ တွေ သမုဒယသစ္စာတရားကို သမုဒယသစ္စာတရားမှန်း မသိတာတွေ ပြန်လည်ပေါ်ပေါက်လာနိုင်ပါတယ်။ သမုဒယ သစ္စာကို မပယ်သတ်နိုင်တာတွေ ပြန်လည်ပေါ်ပေါက်လာ နိုင်ပါတယ်။ ဘာ့ကြောင့် ပြန်လည်ပေါ်ပေါက်လာနိုင်တာလဲ ဆိုရင် လောကီမဂ္ဂသစ္စာတရားက သင်္ခတတရားဖြစ်တဲ့ ရုပ် တရား နာမ်တရားတွေကိုသာ အာရုံပြုရင်း ဖြစ်ရခြင်း ကြောင့်ပါ။ တည့်တည့်ပြောရရင် အသင်္ခတတရားဖြစ်တဲ့ နိဗ္ဗာန်တရားကို အာရုံမပြုနိုင်ခြင်းကြောင့်ပါပဲ။

ဒုက္ခသစ္စာတရားကို ဒုက္ခသစ္စာတရားမှန်း သိခြင်း၊ သမု

ဒယသစ္စာတရားကို သမုဒယသစ္စာတရားမှန်း သိခြင်းမှာ

အရိယပုဂ္ဂိုလ်က သိတာဆိုရင် လောကုတ္တရပဋိဝေဓဉာဏ် ဖြင့် သိတာ ဖြစ်ပါတယ်။ လောကုတ္တရ အရိယမဂ္ဂသစ္စာ တရား ဖြစ်ပါတယ်။  

လောကုတ္တရအရိယမဂ္ဂသစ္စာတရားက ဒုက္ခသစ္စာကို ပိုင်း ခြားသိခြင်းကိစ္စကို လုပ်ပါတယ်။ သမုဒယသစ္စာကို ပယ်သတ်ပစ်ခြင်းကိစ္စကို လုပ်ပါတယ်။ သမုစ္ဆေဒပဟာန သတ္တိ အပြည့် ရှိတဲ့အတွက် ဒုက္ခသစ္စာတရားကို ဒုက္ခသစ္စာ တရားမှန်း မသိတာတွေ သမုဒယသစ္စာတရားကို သမုဒယ သစ္စာတရားမှန်း မသိတာတွေ ပြန်လည်ပေါ်ပေါက်လာ နိုင်ခြင်းလုံးဝမရှိတော့ပါဘူး။ ဘာ့ကြောင့် ပြန်လည်ပေါ် ပေါက်လာနိုင်ခြင်း လုံးဝ မရှိတော့တာလဲ ဆိုရင် လော ကုတ္တရအရိယမဂ္ဂသစ္စာတရားက အသင်္ခတတရားဖြစ်တဲ့ နိဗ္ဗာန်တရားကိုသာ ဧကန်အာရုံပြုရင်း ဖြစ်ရခြင်းကြောင့် ပါပဲ။

အဲဒီသစ္စာသိခြင်းကို လေးလေးနက်နက် နားလည်ထားဖို့ အရေးကြီးပါတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့အသိလား၊ အရိယ ပုဂ္ဂိုလ်ရဲ့ အသိလား ပြတ်ပြတ်သားသား ခွဲခြား နားလည် ထားဖို့ အရေးကြီးပါတယ်။ 

ဦးသူရိယ 

အဲဒါဆို ဝေဒနာဆိုတာ ဘာကို ပြောတာလဲ။ ဝေဒနာ ဘယ်နှမျိုးရှိလဲပေါ့။ အကျဉ်းချုပ် လိုက်ရင်တော့ ဒုက္ခဝေဒနာ သုခဝေဒနာ ဥပေက္ခာဝေဒနာ ဝေဒနာ ၃ မျိုးပေါ့။ အဲဒီဝေဒနာကိုလည်း ဆင်ခြင်တယ်။ 

ဝေဖန်ချက်

အထက်ပါစကားထဲမှာ ဝေဒနာဆိုတာ ဘာလဲဆိုရင်တော့ ပစ္စုပ္ပန်အကျိုးတရား၊ ဒုက္ခသစ္စာတရား ဖြစ်ပါတယ်။ အနု လုံ ပဋိစ္စသမုပ္ပါဒ်ထဲက ဝေဒနာပစ္စယာ တဏှာ-နေရာက ဝေဒနာကို မေးထားတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဝေဒနာရဲ့ မူရင်းအနက်အဓိပ္ပါယ်ကတော့ "အာရုံ၏ အရသာကို ခံစား ခြင်းသဘောရှိသည့် စေတသိက်တရား" ဖြစ်ပါတယ်။ ဝေဒနာ ၃ မျိုးအရ သုခ ဝေဒနာပစ္စယာ တဏှာလို့လည်း ရှိပါ့မယ်။ ဒုက္ခ ဝေဒနာပစ္စယာ တဏှာလို့လည်း ရှိပါမယ်။ ဥပေက္ခာ ဝေဒနာပစ္စယာ တဏှာလို့လည်း ရှိပါမယ်။ 

အနုလုံ ပဋိစ္စသမုပ္ပါဒ်ရဲ့ အကြောင်းတရားပြစကားလုံး များရဲ့ အနက်အဓိပ္ပါယ်ကို ကောက်ယူရာမှာ အဝိဇ္ဖာပစ္စ ယာဆိုပါစို့၊ အဲဒါ အကြောင်းတရားပြစကားလုံး ဖြစ်ပါ တယ်။ အကျိုးတရားပြစကားလုံးက ဝိညာဏံ ဖြစ်ပါတယ်။

အဝိဇ္ဇာ=အဝိဇ္ဖာဟူသော။ ပစ္စယာ=အကြောင်းတရား ကြောင့်လို့ တိုက်ရိုက် အနက်အဓိပ္ပါယ် ထွက်ပါတယ်။ 

တကယ့်အမှန်မှာ တိုက်ရိုက် အနက်အဓိပ္ပါယ်အတိုင်း မဟုတ်ပါ။ ဣမသ္မိံ သတိ ဣဒံ ဟောတိ-အရ အဝိဇ္ဇာပစ္စ ယာ=အဝိဇ္ဇာဟူသောအကြောင်းတရား၏ ထင်ရှားစွာ ရှိနေ ခြင်းကြောင့်ဟု ကောက်ယူရမှာ ဖြစ်ပါတယ်။ ပဋိလုံ ပဋိစ္စ သမုပ္ပါဒ်မှာ အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော-လို့ ဟောထားတာနဲ့ အနုလုံသဘော ပဋိလုံသဘော ချိပ်မိနေမှ အနက်အဓိပ္ပါယ်အမှန် ဖြစ်ပါ တယ်။ 

ဦးသူရိယ ပြောနေတဲ့ စကားလုံးတွေထဲက ဝေဒနာနဲ့ တဏှာ အကြားဆိုတာနဲ့ ပတ်သက်လို့ ပါဠိတော်က ဝေဒနာပစ္စယာ တဏှာ ဖြစ်ပါတယ်။ ဝေဒနာပစ္စယာ= ဝေဒနာတရားဟူသော အကြောင်းတရား၏ ထင်ရှားစွာ ရှိခြင်းကြောင့် တဏှာ=တဏှာသည် ဝါ ရူပတဏှာ သဒ္ဒ တဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ သည် သမ္ဘဝတိ ဖြစ်ပေါ်လာ၏-လို့ အနက်အဓိပ္ပါယ်ပြန်ရ မှာ ဖြစ်ပါတယ်။ ဝေဒနာကို ဒုက္ခသစ္စာအရ ပိုင်းခြားသိခြင်း ကိစ္စ မပြီးသေးသမျှ တဏှာ ဖြစ်နိုင်ပါတယ်။ ဝေဒနာဟူ သောအကြောင်းတရားမှ တဏှာဖြစ်ခြင်းကို သွားမိပါက ဝဋ်လည်လမ်း ဖြစ်ပါတယ်။ 

ဒီလိုမျိုး အနက်အဓိပ္ပါယ် အမှန်ကို နားမလည်ခြင်းကြောင့် သာလျှင် အရိယာမဏ္ဍိုင် တောရကျောင်း ဦးသူရိယက "သုခဝေဒနာက ချမ်းသာတယ်။ ဟုတ်ပြီ ချမ်းသာတာ တော့ လိုချင်တာတော့ လူတိုင်း လိုချင်တယ်။ ဒါတော့ တဏှာဖြစ်တာ လက်သင့်ခံတယ်။ ဒါပေမဲ့ တပည့်တော် စဉ်းစားတယ်။ ဒုက္ခဝေဒနာက ဘာလို့ တဏှာဖြစ်တာလဲ ဆိုတော့ ဒုက္ခက ဆင်းရဲတယ်လေ။ ဘာလို့ တဏှာ ဖြစ်ရ တာလဲ"-လို့ မေးခွန်းထွက်စရာ မရှိကြောင်း ထင်ရှားပါ တယ်။ 


(ဆက်ပါအုံးမယ်။)

အောင်မြိုင်(မစိုးရိမ်စာသင်သား)

5-11-2023

No comments:

Post a Comment