Pages

Pages

သီရိမင်္ဂလာဈေးမှ စွန့်ပစ်အသီးအနှံများ အသုံးပြု၍ သဘာဝမြေဩဇာထုတ်လုပ်


ရန်ကုန်၊ ဇွန် ၁၅

ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးမှနေ့စဉ်စွန့်ပစ်သည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံ စွန့်ပစ်အမှိုက်များကို စိုက်ပျိုးရေးတွင်ပြန်လည်အသုံးပြုနိုင်သည့် အီးအမ်ဘိုကာချီ သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းရှင်များထံ ဖြန့်ဖြူးရောင်းချပေးနေကြောင်း အဆိုပါဈေးမှ သိရသည်။

သီရိမင်္ဂလာဈေးသည် ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီးသို့ သီးနှံထွက်ကုန်များ လက်လီ၊ လက်ကား ဖြန့်ဖြူးပေးရာနေရာဖြစ်သည့်အတွက် ဈေးမှနေ့စဉ်စွန့်ပစ်အမှိုက် တန် ၈၀ မှ တန် ၁၀၀ အတွင်းထွက်ရှိပြီး အဆိုပါစွန့်ပစ်အမှိုက်များကို ဈေးအတွင်း၌ ခြံဝင်းခတ်၍ အီးအမ်ဘိုကာချီ သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်လျက်ရှိရာ စွန့်ပစ်အမှိုက်များအား သဘာဝမြေဩဇာအဖြစ် ပြန်လည်သုံးစွဲမှုကြောင့် ဈေးမှလှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံသို့ စွန့်ပစ်အမှိုက် ပို့ဆောင်မှုသည်လည်း ထက်ဝက်နီးပါး လျော့ကျသွားကြောင်း သိရသည်။

“သီးနှံဈေးဖြစ်တဲ့အတွက် နေ့စဉ်ထွက်ရှိတဲ့စွန့်ပစ်အမှိုက်ကို သဘာဝမြေဩဇာအဖြစ် အကျိုးရှိစွာ ပြန်လည်အသုံးပြုနိုင်အောင် ထုတ်လုပ်နေပါတယ်။ ‌ရက်တိုတိုနဲ့ဆွေးမြည့်လွယ်ပြီး မြေဆွေးရလွယ်တဲ့ ဂေါ်ဖီနဲ့သီးနှံတွေကို အသုံးပြုတာများပါတယ်။ သီရိမင်္ဂလာဈေးကနေ တစ်ရက်ကို စွန့်ပစ်အမှိုက်တန်ချိန် ၈၀ ကနေ ၁၀၀ အထိစွန့်ပစ်ရပြီးတော့ အခုလို သဘာဝမြေဩဇာထုတ်လုပ်မှုကြောင့် အမှိုက်ပို့ဆောင်စွန့်ပစ်ရမှုလျော့ကျသွားတယ်။ တစ်ဖက်မှာလည်း စိုက်ပျိုးရေးကိုအကျိုးပြုတဲ့ သဘာဝမြေဩဇာရရှိတယ်” ဟု မရမ်းကုန်းခရိုင် ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဌာနခွဲမှူး ဦးဝေလင်းကပြောသည်။

သီရိမင်္ဂလာဈေးမှထွက်ရှိသော သဘာဝမြေဩဇာကို မင်္ဂလာဒုံနှင့် မှော်ဘီမြို့နယ်တို့ရှိ နှင်းဆီခြံ၊ စပယ်ခြံများတွင် အသုံးပြုနေသည့်အပြင် ရန်ကုန်မြို့ဈေးများရှိ စိုက်ခင်းနှင့် ပန်းခြံများ၊ ငွေနှင်းမှို စိုက်ပျိုးမှုများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။


သစ္စာ(MNA)

ဓာတ်ပုံ - ဇွဲမာန်

#MNP #News

No comments:

Post a Comment