အဘူဒါဘီ၊ ဇွန် ၁၃
(၅၇) ကြိမ်မြောက် အရှေ့အလယ်ပိုင်း နာရီနှင့် ကျောက်မျက်ရတနာပြပွဲ (57th Watch & Jewellery Middle East Show) အား ယူအေအီးနိုင်ငံ၊ ရှာဂျားပြည်နယ်၊ ရှာဂျားပြပွဲစင်တာ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် အဆိုပါပြပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံး၊ အဘူဒါဘီမြို့မှ သံအမတ်ကြီး ဦးကျော်ကျော်မင်း တက်ရောက်ခဲ့သည်။
အဆိုပါပြပွဲအား အရှေ့အလယ်ပိုင်းဒေသရှိ ရွှေ၊ စိန်၊ ရွှေဖြူနှင့် ကျောက်မျက်ရတနာပြပွဲများအနက် အကြီးဆုံးပြပွဲတစ်ခုအဖြစ် နှစ်စဉ် ဖေဖော်ဝါရီလနှင့် စက်တင်ဘာလ၌ တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပလေ့ရှိပြီး၊ ယခု (၅၇) ကြိမ်မြောက်ပြပွဲ၌ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကျောက်မျက်ရတနာ လုပ်ငန်းရှင် ၄၀၀ ဦးခန့် ပါဝင်ပြသလျက်ရှိသည်။
မြန်မာသံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယူအေအီးနိုင်ငံဘက်မှ အစိုးရ အရာရှိကြီးများ၊ ပြပွဲတာဝန်ခံများနှင့် မိတ်ဆက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာ သံအမတ်ကြီးက နောင်ကျင်းပမည့် ပြပွဲများ၌ မြန်မာပြခန်းဆောင် (Myanmar Pavilion) တည်ဆောက်၍ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ကာ မြန်မာ့ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲနှင့် ကျောက်မျက် လက်ဝတ် ရတနာများ ပါဝင်ပြသနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ထို့နောက် ပြခန်းများအား ကြည့်ရှုလေ့လာ၍ ယူအေအီး နိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် Thazin Jewellery LLC မှခင်းကျင်းပြသထားသည့် ပြခန်းအား ကြည့်ရှုအားပေးခဲ့သည်။
#MNP #News


No comments:
Post a Comment