အုပ်ချုပ်ရေးမှူးများအနေဖြင့် တရားမျှတစွာ ကျောသား ရင်သားမခွဲခြားဘဲ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ကြဖို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

အုပ်ချုပ်ရေးမှူးများအနေဖြင့် တရားမျှတစွာ ကျောသား ရင်သားမခွဲခြားဘဲ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ကြဖို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး မှာကြား






နေပြည်တော်၊ ဇူလိုင် ၂၈

ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်‌ရည်မြင့်မားရေး သင်တန်း(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး က ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေးနောက်ခံ မတူညီ ကြသူတွေ၊ မတူကွဲပြားတဲ့ ယုံကြည်ကိုးကွယ်မှုနဲ့ အတွေးအခေါ် ရှိကြသူတွေ စုံလင်စွာ စုပေါင်းနေထိုင်ကြတဲ့အတွက် မိဘသဖွယ် တရားမျှတစွာ ကျောသား ရင်သားမခွဲခြားဘဲ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ကြဖို့မှာကြားလိုပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။ 

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အဖွင့်အမှာစကားပြောကြားရာ အုပ်ချုပ်ရေးကဏ္ဍမှာ အခြေခံအကျဆုံးဟာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဖြစ်သည့်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်အား ၂၀၁၂ ခုနှစ် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခန့်အပ်တာဝန်ပေးကာ ယခုကဲ့သို့ သင်တန်းများကို စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းသင်ခန်းစာများကိုလည်း လက်တွေ့နယ်ပယ်နှင့် ကိုက်ညီသည့် အခြေခံစံနှုန်းများကိုယူ၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များထံ တင်ပြအတည်ပြုချက်ရယူ၍ ယခုကဲ့သို့ အဆင့်ဆင့်ပေါင်းစပ် ညှိနှိုင်းမှုဖြင့် ပြုစုသင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းများတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား သင်ကြားပို့ချပေးမည့် သင်ခန်းစာမှတ်စုများ တစ်ပြေးညီဖြစ်စေရေး ဘာသာရပ်ခေါင်းစဉ်အလိုက် သင့်လျော်သည့် အချိန်ခွဲဝေမှုရှိစေရေး ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် လက်တွေ့ မြေပြင်တွင် အသုံးချနိုင်မည့် သင်ခန်းစာများဖြစ်စေရေးနှင့် သင်ကြားပို့ချမှုများအတွက် ထိရောက်မှုရှိစေမည့် သင်တန်းအချိန်ဇယား ရေးဆွဲနိုင်ရေးတို့ အတွက် စနစ်တကျစိစစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ လုပ်ငန်းတာဝန်များအား ၂၀၁၂ ခုနှစ် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၃ တွင် အတိအလင်း ဖော်ပြထားရှိပြီး ၎င်းဥပဒေ၏ ပြဋ္ဌာန်းချက်များအရ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများဟာ ရပ်ရွာအတွင်း တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်၊ ပြည်သူလူထု၏ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအကြား ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ညှိနှိုင်းရန်နှင့် စာရင်းဇယား၊ ပုံစံများနှင့် အုပ်ချုပ်ရေးမှတ်တမ်းများကို စနစ်တကျ ပြုစုထိန်းသိမ်းရန် အဓိက တာဝန်ရှိသူများဖြစ်ပါကြောင်း၊ အဆိုပါတာဝန်များကိုထမ်းဆောင်တဲ့အခါ မိမိတို့၏ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေးနောက်ခံ မတူညီ ကြသူတွေ၊ မတူကွဲပြားတဲ့ ယုံကြည်ကိုးကွယ်မှုနဲ့ အတွေးအခေါ် ရှိကြသူတွေ စုံလင်စွာ စုပေါင်းနေထိုင်ကြတဲ့အတွက် မိဘသဖွယ် တရားမျှတစွာ ကျောသား ရင်သားမခွဲခြားဘဲ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ကြဖို့မှာကြားလိုပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင်လည်း ဥပဒေက သတ်မှတ် ထားတဲ့ အသက်အရွယ်၊ အရည်အချင်း၊ ကင်းလွတ်ခွင့်နဲ့ သက်ညှာခွင့်ပြုရမယ့် အချက်အလက်တွေကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျမှန်ကန်မှုရှိစေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် တစ်သွေမတိမ်း စိစစ်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ စစ်မှုထမ်းဆင့်ခေါ်ခြင်း ကိစ္စရပ်တွေကို အကြောင်းပြပြီး ငွေကြေးတောင်းခံခြင်းနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စများကို လုံးဝခွင့်ပြုမည်မဟုတ်ပါကြောင်းနှင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ခြင်းလုပ်ငန်းစဉ်များအတိုင်း သတ်မှသည့်အင်အားတာဝန်ကျေပွန်အောင် အပ်နှံဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ရပ်ကျေးစာရေးတွေထိ မှန်မှန်ကန်ကန်၊ စနစ်တကျ၊ စည်းကမ်းတစ်ကျ ဆောင်ရွက်သွားကြဖို့မှာကြားလိုပါကြောင်း၊ မိမိရပ်ကွက်/ကျေးရွာ အုပ်စုအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များတွင်လည်း အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေ၊ အသက်အရွယ်၊ ကျား/မ စသည်ဖြင့် ခွဲခွဲ ခြားခြား၊ အဖြူ၊ အမည်း၊ အရောင်အသွေးစုံလင်စွာဖြင့် သိရှိထားရန် လိုအပ်ပြီး မိမိတို့ရပ်ရွာအတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးဆိုင်ရာကိစ္စရပ်များကို လွယ်လင့်တကူဖြေရှင်း ဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး၏ အနှစ်သာရ ရည်မှန်းချက်ဖြစ်သည့် ပြည်သူကို ဗဟိုပြုသည့် ကောင်းမွန်သည့် အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ရေးအတွက် ယခုသင်တန်းမှ ရရှိသည့်သင်ခန်းစာများအား အသုံးချ၍ ယခုအခမ်းအနားကို တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ နောင်လူငယ်များ၏ စံနမူနာပြ အုပ်ချုပ်ရေးမှူးကောင်းများအဖြစ် ရှေ့ဆောင်လမ်းပြ ဖြစ်ပါစေလိုပါကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက် နေပြည်ဝောာ်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)