Pages

Pages

မည်သည့် အဂတိလိုက်စားမှု ပုံစံမျိုးမဆို အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာခြင်းပင်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း ပြောကြား



ထားဝယ်၊  ဇူလိုင် ၂၉

နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်နိုင်စေရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစပြီး ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်၊ အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်း ဖန်တီးဖော်ဆောင်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မည်သည့် အဂတိလိုက်စားမှု ပုံစံမျိုးမဆို အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာခြင်းပင်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က ယနေ့ရှင်းလင်းဆွေးနွေးပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် အဂတိလိုက်စားမှုများ လျော့နည်းပပျောက်စေရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများအကြား အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ၊ သတိပြုမှုနှင့် တာဝန်ယူမှုများ ပိုမိုမြင့်မားလာစေရေးအတွက် အရေးပါသည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုဆိုတာ လူတစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်ပေါ်သော ပြဿနာတစ်ရပ်မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုလုံး၊ ဌာနတစ်ခုလုံး၊ ဒေသတစ်ခုလုံးနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအပေါ် ထိခိုက်သက်ရောက်နိုင်သည့် အရေးကြီးသော Issue တစ်ရပ်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် အစိုးရအုပ်ချုပ်ရေးစနစ်အပေါ် ပြည်သူများ၏ ယုံကြည်မှု လျော့နည်းနိုင်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိစေရေး၊ မှတ်တမ်းမှတ်ရာများကို စနစ်တကျ ထိန်းသိမ်းထားရှိရေး၊ အာဏာနှင့် တာဝန်များကို ခွဲခြားသတ်မှတ်ရေး၊ ဆုံးဖြတ်ချက်များအပေါ် တာဝန်ခံမှုရှိစေရေးတို့ကို အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ မသမာမှုတစ်ရပ်ရပ်ကို တွေ့ရှိပါက သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်ကြားခြင်း၊ သတင်းပေးခြင်းနှင့် စိစစ်အရေးယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲကို တက်ရောက်လာကြသူများ အနေဖြင့် မိမိတို့ ဌာန၊ အဖွဲ့အစည်းနှင့် လုပ်ငန်းခွင်များသို့ ပြန်လည်ရောက်ရှိသည့်အခါ ယနေ့ရရှိသော အသိပညာများကို မိမိတစ်ဦးတည်းအတွက်သာမက မိမိတို့နှင့်အတူ တာဝန်ထမ်းဆောင်နေကြသည့် လုပ်ဖော်ကိုင်ဖက်များထံသို့လည်း ပြန်လည်မျှဝေပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။ 

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် အဂတိလိုက်စားမှုများကို အသေးစား အဂတိလိုက်စားမှု၊ ကြီးမားသော အဂတိလိုက်စားမှုနှင့် နိုင်ငံရေး အဂတိလိုက်စားမှု ဟူ၍ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့က သတ်မှတ်ထားပါကြောင်း၊ မည်သည့် အဂတိလိုက်စားမှု ပုံစံမျိုးမဆို အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာခြင်းပင်ဖြစ်ကြောင်း၊ Conflict of Interest (အကျိုးစီးပွားပဋိပက္ခ)သည်လည်း အဂတိတရားကို ဖြစ်ပွားစေသည့် အကြောင်းအရင်း တစ်ရပ်ဖြစ်ပါကြောင်း၊ Corruption ကြောင့် လွဲမှားသည့် စီမံခန့်ခွဲမှုနှင့် နိုင်ငံ၏ အရင်းအမြစ်များကို ခွဲဝေဖြန့်ဖြူးရာတွင် ထိရောက်မှုမရှိသည့် အသုံးပြုမှုများဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ရလဒ်အနေဖြင့် အခြေခံပြည်သူများအတွက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရက ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဝန်ဆောင်မှုပေးရသည့်အတွက် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် တက်ရောက်လာကြသူများ က အဂတိလိုက်စားမှု၏ အဓိပ္ပာယ်၊ အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သော အခြေအနေများ၊ တားဆီးကာကွယ်ရေး နည်းလမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး ခေါင်းဆောင်၍ တနင်္သာရီတိုင်းဒေသကြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊  တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အသီးသီးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။


#MNP #News

No comments:

Post a Comment