ဇူလိုင် - ၇ ( အင်္ဂါနေ့ )
ယူကရိန်းကို အမေရိကန်လုပ် ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ တိတ်တဆိတ် ပို့ပေးခဲ့တဲ့ ကိစ္စကို ဘူးပေါ်သလိုပေါ်အောင် ဖွင့်ချလိုက်တဲ့သူတွေကို ပိုလန် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ ကနေ စုံစမ်းစစ်ဆေးသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး က ကြေညာလိုက်ပါတယ်။
မတ်လတုန်းက လွှတ်တော်ရဲ့ ခွင့်ပြုချက်လည်း မယူ၊ ပြည်သူကိုလည်း အသိမပေးဘဲ အမေရိကန်လုပ် PAC-3 ပက်ထရီယော့ ဒုံးခွင်းဒုံးတွေကို ယူကရိန်းဆီ တိတ်တဆိတ် လွှဲပြောင်းပေးခဲ့တယ်ဆိုပြီး ပိုလန် လူမှုကွန်ရက်အကောင့်တချို့မှာ ရေးသားလာကြရာကနေ ပြီးခဲ့တဲ့ စနေနေ့ကစလို့ ဒီပြဿနာဟာ အကြီးအကျယ် ပေါက်ကွဲလာခဲ့တာ ဖြစ်ပါတယ်။
အတိုက်အခံ ‘ဥပဒေနဲ့ တရားမျှတရေး’ (PiS) ပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း မာရီယက်ဇ် ကတော့ ဒီလို သတင်းဖွင့်ချလိုက်တဲ့သူတွေဘက်ကနေ ရပ်တည်ပေးခဲ့ပြီး၊ အခုလို ဒုံးကျည်တွေ လွှဲပေးလိုက်တဲ့ လုပ်ရပ်ဟာ ပိုလန်ရဲ့ ကိုယ်ပိုင် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အားနည်းသွားစေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပါတယ်။
“ဝန်ကြီးချုပ် ဒေါနယ်တက်စ် နဲ့ တိုင်ပင်ပြီးတဲ့နောက်၊ ပြည်သူလူထုအမြင်ကိုလည်း တာဝန်ယူမှုရှိရှိ ငဲ့ညှာတဲ့အနေနဲ့ရော၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီပါ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း ယူကရိန်းကို လှူဒါန်းထောက်ပံ့ခဲ့တာတွေ အားလုံးကို လျှို့ဝှက်အဆင့်ကနေ ပယ်ဖျက်ပြီး လူသိရှင်ကြား ချပြဖို့ ကျွန်တော် အမိန့်ပေးလိုက်ပါတယ်” လို့ ကာကွယ်ရေးဝန်ကြီး ကိုဆီနစ်ခ်က အိတ်စ် (တွစ်တာ)ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။
ဒါ့အပြင် “နိုင်ငံတော်လျှို့ဝှက်ချက်တွေကို တမင်သက်သက် ပေါက်ကြားအောင် လုပ်ဖို့ ကြိုးစားခဲ့သူတွေ” ကို စုံစမ်းစစ်ဆေးဖို့ ပိုလန် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ကို ညွှန်ကြားထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပိုလန်နိုင်ငံအနေနဲ့ ယူကရိန်းကို စစ်ရေးအရ ကူညီပေးခဲ့တာဟာ အရင် PiS အစိုးရလက်ထက်၊ ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်အထိ မာရီယက်ဇ်ကာကွယ်ရေးဝန်ကြီး တာဝန်ယူခဲ့စဉ်ကတည်းက စတင်ခဲ့တာဖြစ်တယ်လို့လည်း အဆိုပါဝန်ကြီးက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ကိုဆီနစ်ခ် က နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် မက်ခ်ရက်တီ ရဲ့ တောင်းဆိုချက်အရ ပိုလန်ရဲ့ လက်နက်တိုက်ထဲကနေ PAC-3 ဒုံးခွင်းဒုံးတွေကို ထောက်ပံ့ပေးခဲ့တာ မှန်ပါတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပို့လိုက်တဲ့ အရေအတွက်ဟာ အနည်းငယ်ပဲဖြစ်လို့ ပိုလန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးအပေါ် သိသိသာသာ ထိခိုက်မှုမရှိပါဘူးလို့ သူက ဇွတ်အတင်း ပြောဆိုခဲ့ပါတယ်။
ဒီလို လွှဲပြောင်းပေးအပ်မှုဟာ ပက်ထရီယော့ ဒုံးကျည် ပြတ်လပ်မှုပြဿနာ တောက်လျှောက်ကြီးထွားနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။ အမေရိကန်အခြေစိုက် နိုင်ငံခြားရေးမူဝါဒ သုတေသနအဖွဲ့ (FPRI) ရဲ့ အဆိုအရ အီရန်နဲ့ စစ်ပွဲအတွင်း အမေရိကန်ရဲ့ လက်နက်အရန်သင့်သိုလှောင်မှုတွေ အကြီးအကျယ် လျော့ပါးသွားခဲ့ပြီးတဲ့နောက်၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ ပက်ထရီယော့ ဒုံးခွင်းဒုံး အစီးရေ ၄,၃၀၀ ဝန်းကျင်လောက်အထိ လိုအပ်ချက်တွေ ပုံနေတယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ်ရဲ့ ထုတ်လုပ်မှုနှုန်းနဲ့ဆိုရင် (၇) နှစ်စာ ထုတ်လုပ်မှုပမာဏနဲ့ ညီမျှနေတာလည်း ဖြစ်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment