ဇူလိုင် - ၂၉ ( ဗုဒ္ဓဟူးနေ့ )
ဂျပန်နိုင်ငံ တောင်ပိုင်း ကျူရှူးဒေသ ခူမာမိုတိုခရိုင်မှာ ပြင်းအား ၇.၁ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာ ကြောင့် အပျက်အစီး တော်တော်များများ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၁၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
ဒီငလျင်ဟာ အင်္ဂါနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲ မတိုင်ခင်လေးမှာ လှုပ်သွားတာဖြစ်ပြီး၊ ငလျင်ဗဟိုချက် ကတော့ လူဦးရေ ၇ သိန်းလောက် ရှိတဲ့ ခူမာမိုတိုမြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၂၀ လောက်အကွာမှာ ရှိပါတယ်။ ငလျင်လှုပ်ခတ်နေတုန်း လမ်းတွေ အက်ကွဲကုန်တာ၊ တံတားတွေ ပြိုကျတာနဲ့ အဆောက်အအုံတွေ ယိမ်းထိုးလှုပ်ခတ်သွားတာတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။
ခူမာမိုတိုမြို့က အီးအွန်ဈေးဝယ်စင်တာမှာ ပေါက်ကွဲမှုဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် ရဲတွေ သွားရောက် စစ်ဆေး ခဲ့ရာမှာ စျေးဝယ်စင်တာရဲ့ ဒုတိယထပ် ပြိုကျသွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို ပြိုကျမှုကြောင့် လူတော်တော် များများ သေဆုံးခဲ့တယ်လို့ ဂျပန် TBS ရုပ်သံက ဖော်ပြပြီး၊ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေကလည်း အပျက်အစီးတွေအောက်မှာ လူအများအပြား ပိတ်မိနေတယ်လို့ ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ရဲ့ အဆိုအရ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအထိ တရားဝင် သေဆုံးသူ အရေအတွက်ဟာ ၁၃ ယောက် ရှိပြီး၊ စုံစမ်းစစ်ဆေးနေဆဲ သေဆုံးမှုတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အပျက်အစီးတွေကို ရှင်းလင်းဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ဖို့အတွက် စစ်သည်အင်အား ၃,၆၀၀ ကို စေလွှတ်ထားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ခူမာမိုတိုခရိုင်တစ်ခုလုံးမှာ မီးလောင်မှုတွေနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပြီး၊ အဲဒီဒေသရဲ့ ရထားလိုင်းပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။ ငလျင်ဟာ အနက် ၁၀ ကီလိုမီတာပဲရှိတဲ့ အနက်တိမ်ငလျင် ဖြစ်တာကြောင့် နောက်ဆက်တွဲငလျင် အမြောက်အမြား လှုပ်ခတ်နိုင်ခြေရှိလို့ လူဦးရေ ၃ သိန်းနီးပါးကို ဘေးလွတ်ရာ စခန်းတွေကို သွားရောက်ကြဖို့ ညွှန်ကြားထားပါတယ်။
ဂျပန်မိုးလေဝသအေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ ပြင်းအား ၁ မှ ၄ အထိရှိတဲ့ နောက်ဆက်တွဲငလျင် ပေါင်း ၆၀ ထက်မနည်း လှုပ်ခတ်ပြီးသွားပြီလို့ သိရပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကတော့ ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ၁၀၀ လောက်အကွာမှာရှိတဲ့ ဆန်ဒိုင် နျူကလီးယားဓာတ်အားပေး စက်ရုံမှာ ထိခိုက်ပျက်စီးမှုနဲ့ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ တစ်စုံတစ်ရာ မရှိဘူးလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment