Pages

Pages

ကမ္ဘာကြီးက ကင်ဆာရောဂါကြောင့် သေဆုံးမှုတွေ တိုးလာနေတယ်လို့ WHO သတိပေး


ဇူလိုင် - ၁၀ ( သောကြာနေ့ ) 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတိပေးချက်အရ ၂၀၅၀ ပြည့်နှစ်ရောက်ရင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကင်ဆာရောဂါဖြစ်ပွားမှုအသစ်တွေဟာ နှစ်ဆနီးပါးအထိ တိုးလာဖို့ရှိနေပြီး၊ ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ကျော်ဟာလည်း နည်းလမ်းမျိုးစုံနဲ့ ဒီရောဂါရဲ့သက်ရောက်မှုကို ခံရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာတော့ ကင်ဆာရောဂါဟာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် လူသေဆုံးမှုအများဆုံး ရောဂါအဖြစ် ရှိနေဆဲဖြစ်ပြီး၊ နေ့စဉ် လူဦးရေ ၂၆,၀၀၀ ကျော်ရဲ့ အသက်ကို နှုတ်ယူနေတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ နှစ်စဉ် သေဆုံးသူ ၁၀ သန်းနီးပါးနဲ့ ရောဂါဖြစ်ပွားသူအသစ် ၂၀.၆ သန်းခန့် ရှိနေတယ်လို့ ခန့်မှန်းထားပြီး၊ အရေးတကြီး အရေးယူ ဆောင်ရွက်တာမျိုး မလုပ်ရင် ၂၀၅၀ ပြည့်နှစ်မှာ ရောဂါဖြစ်ပွားသူ အရေအတွက်ဟာ တစ်နှစ်ကို ၃၅ သန်း အထိ မြင့်တက်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။ လူငါးဦးမှာ တစ်ဦးနှုန်းဟာ သူတို့ရဲ့သက်တမ်းတစ်လျှောက် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေရှိပြီး အဆုတ်ကင်ဆာဟာ သေဆုံးမှုအများဆုံး ကင်ဆာအမျိုးအစားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

ကုသမှုပိုင်းဆိုင်ရာမှာ လျင်လျင်မြန်မြန် တိုးတက်လာနေပေမဲ့လည်း ကင်ဆာဝေဒနာရှင်တွေရဲ့ အသက်ရှင်သန်နိုင်ခြေဟာ သူတို့ဘယ်နေရာမှာ နေထိုင်သလဲဆိုတဲ့အချက်နဲ့ သူတို့ရဲ့ ငွေကြေးအခြေအနေပေါ်မှာ ပိုပြီးတော့ မူတည်နေတယ်လို့ WHO က ပြောပါတယ်။ သူတို့ရဲ့ ခန့်မှန်းချက်အရ ရင်သားကင်ဆာနဲ့ ကလေးသူငယ်ကင်ဆာ ဖြစ်ပွားသူတွေထဲမှာ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေက လူနာတွေရဲ့ ငါးနှစ်တာ အသက်ရှင်သန်နိုင်ခြေဟာ ၈၅ ရာခိုင်နှုန်းကျော်ရှိပေမဲ့၊ ဝင်ငွေနည်းတဲ့နိုင်ငံတွေမှာတော့ ၄၅ ရာခိုင်နှုန်းအောက်ပဲ ရှိပါတော့တယ်။

"နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ကင်ဆာဓာတ်ရောင်ခြည်ပြကုသတဲ့ စက်ပစ္စည်းကိရိယာတွေ မရှိကြပါဘူး။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံတွေရဲ့ သုံးပုံနှစ်ပုံမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံမှု  ထဲမှာ ကင်ဆာရောဂါကုသမှုကို ထည့်သွင်းပေးထားခြင်း မရှိသလို၊ အချို့ဒေသတွေမှာဆိုရင် ဆေးကုသစရိတ်ကြီးမားလွန်းတာကြောင့် လူနာ ၉၀ ရာခိုင်နှုန်းအထိဟာ ဆေးကုသမှုကို လက်လွှတ်လိုက်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ခြုံငုံပြီးပြောရရင်တော့ ကင်ဆာဝေဒနာရှင်တွေရဲ့ အနည်းဆုံး ၄၅ ရာခိုင်နှုန်းဟာ ငွေကြေးကျပ်တည်းမှုဒုက္ခတွေကို ရင်ဆိုင်နေရပြီး ဒါဟာ ကင်ဆာရောဂါကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆေးဝါးကုသစရိတ်ကြောင့် လူမွဲခံရခြင်း( ဒေဝါလီခံ)ရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်စေခဲ့ပါတယ်။

ဒါကြောင့်မို့လို့ ရောဂါကာကွယ်ခြင်းကနေ စတင်ပြီး ရောဂါရှာဖွေခြင်းနဲ့ ဆေးကုသခြင်းအထိ ကင်ဆာဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တွေကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံမှု (Universal Health Coverage) ထဲမှာ ထည့်သွင်းပေးဖို့၊ လူနာတွေနဲ့ လူနာပြုစုစောင့်ရှောက်သူတွေအတွက် ပံ့ပိုးကူညီမှုတွေကို မြှင့်တင်ပေးဖို့၊ ပြီးတော့ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုတွေကနေတစ်ဆင့် ဆေးကုသမှုလက်လှမ်းမီနိုင်စွမ်းကို ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်ပေးဖို့ စတဲ့ 'လူသားဗဟိုပြု' ချဉ်းကပ်မှုပုံစံတစ်ရပ်ကို ကျင့်သုံးကြဖို့ အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေကို WHO က တိုက်တွန်းနှိုးဆော်ထားပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment