နေပြည်တော်အတွင်းရှိ ဆန်စပါး ပြည်ပတင်ပို့ဇုန် (Rice Export Zone) များတွင် ပါဝင်သည့် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်အတွင်းရှိ ဆန်စပါး ပြည်ပတင်ပို့ဇုန် (Rice Export Zone) များတွင် ပါဝင်သည့် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ပေးအပ်












နေပြည်တော်၊ ဩဂုတ် ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆန်စပါးစိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ် ၂ ဒသမ ၅ သိန်း ထောက်ပံ့ပေးလျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ ကျေးရွာ ၁၀ ရွာရှိ တောင်သူများအတွက် ငွေကျပ်သိန်းပေါင်း ၅၆၀၀ ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆန်စပါး ပြည်ပတင်ပို့ဇုန် (Rice Export Zone) များတွင် ပါဝင်သည့် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ပေးအပ်ပွဲကို ယမန်နေ့က ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO Group) ၏ ဆန်စက်နှင့် ဖွဲနုဆီစက်နေရာ၌ ကျင်းပပြီး အခမ်းအနားတွင် ဒုတိယဝန်ကြီးများနှင့် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ် ငါးမြို့နယ်မှ ကျေးရွာ ၁၀ ရွာရှိ တောင်သူ ၅၂၂ ဦး၏ စိုက်ဧက ၂၈၀၀ အတွက် စိုက်ပျိုးစရိတ် ငွေကျပ်သိန်း ၅၆၀၀ နှင့် နေပြည်တော်ကောင်စီဝင်များက အစေ့ချစက် (Seeders) များကို ပေးအပ်ခဲ့ကြသည်။

စိုက်ပျိုးစရိတ်ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပြည်ပဈေးကွက် လိုအပ်သည့် အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်နိုင်ရန်၊ တောင်သူများ၏ အထွက်နှုန်းနှင့် ဝင်ငွေ တိုးတက်စေရန်၊ မြန်မာ့ဆန်တင်ပို့မှုတိုးမြှင့်ပြီး နိုင်ငံခြားဝင်ငွေရရှိစေရန်နှင့် စိုက်ပျိုးခြင်းမှစတင်ကာ ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်းအထိ စနစ်တကျချိတ်ဆက်နိုင်သော Value Chain ကို ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဆန်စပါးတင်ပို့မှုဇုန် (Rice Export Zone) များ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် ဈေးကွက်ကို အမိအရချိတ်ဆက်နိုင်ပြီး အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များကိုရှာဖွေ၍ စနစ်တကျ စိုက်ပျိုးကာ တစ်ဧကအထွက်နှုန်းတိုးမြှင့်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့ပြင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အမှာစကားပြောကြားပြီး India Aditya Engineers Group မှ တာဝန်ရှိသူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကား ပြောကြား၍ မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO Group) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ဆန်စပါးထုတ်လုပ်တင်ပို့ရောင်းချမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးကာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက စက်ရုံပြခန်းများ၊ လယ်ယာသုံး ကိရိယာပြခန်းများ၊ သွင်းအားစုပြခန်းများနှင့် တန် ၂၄၀ ဆန်စက် ပြန်လည်ပြုပြင်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)