ဆော်ဒီအာရေဗျနိုင်ငံ၏ ပင်လယ်နီသို့ ဦးတည်သွယ်တန်းထားသော ပင်မအရှေ့-အနောက် ရေနံပိုက်လိုင်းကို ရက်ပိုင်းအတွင်း ပြန်မလည်ပတ်နိုင်ပါက ကမ္ဘာ့စွမ်းအင်အတွက် ဆော်ဒီအာရေဗျမှရရှိနိုင်သော ရေနံပမာဏ ၄ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပြီး ကမ္ဘာ့ရေနံပြတ်လပ်မှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ဆော်ဒီအာရေဗျမှ ရေနံဝယ်ယူသူများနှင့်ကုန်သည်များက စက်တင်ဘာလ ၁၃ ရက်တွင်သတိပေးသည်။
ပြီးခဲ့သည့် သီတင်းပတ်ကဖြစ်ပွားသောဒရုန်းတိုက်ခိုက်မှုများကြောင့် ထိုအရှေ့-အနောက် ရေနံပိုက်လိုင်းကို ပိတ်ထားခဲ့ရခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုပမာဏနှင့် မည်မျှကြာသည်အထိပိတ်ထားရမည်ကို ဆော်ဒီအာရေဗျဘက်က အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေ။ အချို့သတင်းအရင်းအမြစ်များ၏ အဆိုအရ ပြင်ဆင်မှုများလုပ်ရန် သီတင်းပတ် ငါးပတ်မှခြောက်ပတ်အထိ ကြာမြင့်နိုင်သည်ဟုသိရသည်။
လွန်ခဲ့သည့် ၆ လအတွင်းစစ်ပွဲများကြောင့် ဟော်မုရေလက်ကြားပိတ်ဆို့မှုဖြစ်ပွားချိန်တွင် ဆော်ဒီအာရေဗျက ယင်းပိုက်လိုင်းကိုအသုံးပြု၍ ပင်လယ်နီဒေသရှိယန်ဘူဆိပ်ကမ်းသို့ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၄ သန်းခန့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လက်ရှိတွင် ယန်ဘူဆိပ်ကမ်း၌ ၅ ရက်မှ ၇ ရက်စာခန့်သာပို့ကုန်ကျန်ရှိတော့ပြီး အီဂျစ်နိုင်ငံရှိသိုလှောင်ကန်များမှ ရေနံများပါကုန်လွန်သွားပါက ရေနံထောက်ပံ့မှုမှာလုံးဝပြတ်တောက်သွားမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏ထုတ်ပြန်ချက်အရ ဩဂုတ်လအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံထောက်ပံ့မှုသည် နှစ် ၃၀ အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ယခုနှစ်အတွင်း ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ၆ ရာခိုင်နှုန်းခန့်ဖြစ်သောတစ်ရက်လျှင် ရေနံစည် ၅ ဒသမ ၇ သန်းခန့် လျော့ကျသွား နိုင်သည်ဟု သတိပေးထားသည်။
Ref: AGC
#Myanmar #News

No comments:
Post a Comment