လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ကွန်ဂိုလူနေရပ်ကွက် မီးလောင်တာ စာသင်ကျောင်းတွေ ပါသွားလို့ ကျောင်းသားတွေ ဒါဇင်နဲ့ ချီပြီး သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking


လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ကွန်ဂိုလူနေရပ်ကွက် မီးလောင်တာ စာသင်ကျောင်းတွေ ပါသွားလို့ ကျောင်းသားတွေ ဒါဇင်နဲ့ ချီပြီး သေဆုံး


စက်တင်ဘာ - ၁၄ ( တနင်္လာနေ့ ) 

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ အရှေ့ပိုင်း၊ ဘူခါဗူး  မြို့မှာရှိတဲ့ စာသင်ကျောင်း ၂ ကျောင်းနဲ့ လူနေအိမ် ရာပေါင်းများစွာကို မီးကူးစက်လောင်ကျွမ်းခဲ့တာကြောင့် အနည်းဆုံး ကျောင်းသား/ကျောင်းသူ ၂၆ ဦး သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

ဒေသခံ တာဝန်ရှိသူတွေရဲ့ အဆိုအရ မီးဟာ ကြာသပတေးနေ့ နံနက်ပိုင်းက လူဦးရေ ထူထပ်တဲ့ ဆင်ပွန်ဒါ ရပ်ကွက်ထဲရှိ အိမ်တစ်အိမ်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ ဘေးချင်းကပ်လျက်ရှိတဲ့ ဖူရာဟာ  နဲ့ ယူဂျာမား  စာသင်ကျောင်းတွေဆာ မီးကူးစက်သွားခဲ့တာပါ။ ကလေးအများအပြားဟာ ကျောင်းထဲမှာ ပိတ်မိပြီး မီးခိုးမွန်းပြီး သေဆုံးခဲ့ကြရသလို၊ အချို့လည်း လွတ်မြောက်ဖို့ ရုတ်ရုတ်သဲသဲ ထွက်ပြေးကြရင်း တိုးဝှေ့မိရာမှ ပြင်းထန်စွာ ခြေနင်းမိပြီး သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

ဆောက်သ်ကီးဗူး  ပြည်နယ် အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကို အေပီ သတင်းဌာနက ကိုးကားဖော်ပြရာမှာ သေဆုံးသူတွေထဲမှာ မိန်းကလေး ၁၉ ဦးနဲ့ ယောက်ျားလေး ၇ ဦး ပါဝင်ပြီး၊ သေဆုံးသူအရေအတွက် ဒီထက်မက ထပ်တိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် လူနေအိမ်ပေါင်း ၃၀၀ ထက်မနည်း ပျက်စီးသွားခဲ့ရပါတယ်။ ရပ်ကွက်အတွင်း ပူးကပ်နေအောင် ဆောက်လုပ်ထားတဲ့ သစ်သားအိမ်တွေကြောင့် မီးကူးစက်မှု အလွန်မြန်ဆန်ခဲ့သလို၊ ထွက်ပေါက်တွေ ကျဉ်းမြောင်းတာကြောင့်လည်း ကျောင်းတွေထဲမှာ တိုးဝှေ့မှုတွေ ဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ ဆင်ပွန်ဒါ အုပ်ချုပ်ရေးမှူး မိုအိုက်စ် လူဘာလာ က အေပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

"ဘူခါဗူးမြို့ကို ထိန်းချုပ်ထားတဲ့ ကွန်ဂိုမြစ်မဟာမိတ်/မတ်လ ၂၃ လှုပ်ရှားမှု (AFC/M23) သူပုန်အဖွဲ့ကတော့ အစောပိုင်းမှာ သေဆုံးသူ ၂၄ ဦးနဲ့ ဒဏ်ရာရသူ ၂၉ ဦးရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက ၂၁ ဦးဟာ အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်နေပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ကွန်ဂိုအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် မူယာယာ ကတော့ ဒီဖြစ်စဉ်ကို ကင်ရှာဆာမြို့တော်အစိုးရအနေနဲ့ 'အလွန်စိုးရိမ်ပူပန်စွာ' ဖြင့် စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

"မြို့ဟာ မတရား သိမ်းပိုက်ခံထားရဆဲ ဖြစ်ပေမဲ့ ထိခိုက်နစ်နာခဲ့ရတဲ့ ကျောင်းသား/ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေ၊ မိဘတွေနဲ့ မိသားစုတွေနဲ့အတူ ကျနော်တို့ တစ်ထပ်တည်းရှိတယ်ဆိုတာ ဖော်ပြအပ်ပါတယ်"လို့ သူက အိတ်စ်လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ ရေးသားခဲ့ပါတယ်။

ကွန်ဂို ပညာရေးဝန်ကြီးဌာနကလည်း သိမ်းပိုက်ခံထားရတဲ့ ဒေသတွေက ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေ ဟာ အမျိုးသားပညာရေးစနစ်ရဲ့ အစိတ်အပိုင်းအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး "နိုင်ငံတော်ရဲ့ တာဝန်ယူမှုနဲ့ စာနာထောက်ထားမှုရဲ့ ဗဟိုချက်မှာ ရှိနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 ဒါ့အပြင် ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးအကဲဖြတ်ဖို့နဲ့ နစ်နာသူတွေကို ကူညီပေးပြီး သင်ခန်းစာများ ဆက်လက်သင်ကြားနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေဖို့ ညွှန်ကြားထားပါတယ်။ ဒီမီးလောင်မှုဟာ ဘူခါဗူးမြို့က စာသင်ကျောင်းတွေကို ထိခိုက်စေခဲ့တဲ့ ဆက်တိုက် မီးလောင်မှုတွေထဲက နောက်ဆုံးတစ်ခု ဖြစ်ပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်း အတိအကျကိုတော့ အခုထိ မသိရသေးပါဘူး။ 


REF: RT

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)