ဘရစ်ခ် ( BRICS) အဖွဲ့ဝင်နိုင်ငံတွေက တစ်ဖက်သက်ပိတ်ဆို့မှုတွေကို လက်ခံဘူးလို့ ကြေညာပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking


ဘရစ်ခ် ( BRICS) အဖွဲ့ဝင်နိုင်ငံတွေက တစ်ဖက်သက်ပိတ်ဆို့မှုတွေကို လက်ခံဘူးလို့ ကြေညာပြီ


စက်တင်ဘာ - ၁၄ ( တနင်္လာနေ့ ) 

စနေနေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပနေတဲ့ ဘရစ်ခ် (BRICS) ထိပ်သီးအစည်းအဝေးပွဲမှာ အဖွဲ့ဝင် နိုင်ငံတွေဟာ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး  'တစ်ဖက်သတ် ဖိအားပေး အရေးယူမှုများ' ကို ပြစ်တင်ဝေဖန် လိုက်ကြပါတယ်။ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်းနဲ့ ကမ္ဘာ့ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးမှု၊ သံတမန်နည်းလမ်းတွေကနေတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ကိုလည်းပဲ တောင်းဆိုလိုက်ကြပါတယ်။

နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ ဘရစ်ခ် ခေါင်းဆောင်တွေ အတည်ပြု ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ 'အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို ဆန့်ကျင်နေတဲ့ တစ်ဖက်သတ် ဖိအားပေး အရေးယူမှုတွေကို သဘောမတူ ကန့်ကွက်ကြောင်း' ပြန်လည်အတည် ပြုခဲ့ပြီး အဲဒီအရေးယူမှုတွေကို လုံးဝပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒါ့အပြင် ဖွံ့ဖြိုးဆဲနဲ့ စီးပွားရေး တိုးတက်သစ်စ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက စီးပွားရေးပိတ်ဆို့မှုတွေနဲ့ နောက်ဆက်တွဲ ပိတ်ဆို့မှုတွေဟာ လူ့အခွင့်အရေးနဲ့ စိတ်ချရတဲ့ အာဟာရ ရရှိမှု အပါအဝင် ကဏ္ဍအသီးသီးမှာ 'ဆိုးရွားတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ' ရှိနေပြီး၊ အထူးသဖြင့် ဆင်းရဲသားတွေနဲ့ အကာအကွယ်မဲ့သူတွေ ကို ပိုပြီး ထိခိုက်စေတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

ဘရစ်ခ် ခေါင်းဆောင်တွေဟာ လက်ရှိ ကမ္ဘာ့အခြေအနေ အမှန်တရားတွေကို ထာဝရ ရောင်ပြန်ဟပ်နိုင်ဖို့အတွက် ကုလသမဂ္ဂနဲ့ အခြားသော ကမ္ဘာ့အဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲဖို့ သူတို့ရဲ့ မူလတောင်းဆိုချက်တွေကို ထပ်မံအတည်ပြုခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှ စတင်ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂရဲ့ ထိပ်ပိုင်းရာထူးတွေကို နိုင်ငံတစ်နိုင်ငံတည်း သို့မဟုတ် အုပ်စုတစ်စုတည်းက ပိုင်စိုး မထားသင့်ဘူးလို့လည်း နယူးဒေလီ ကြေညာချက် ထဲမှာ အလေးအနက် ထည့်သွင်းပြောကြားခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ကလည်း ခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားရာမှာ 'လျင်မြန်စွာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို ခေတ်နောက်ကျနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်လက် အုပ်ချုပ်လို့ မရတော့ဘူး' ဆိုပြီး အလားတူ သဘောထားကိုပဲ ထောက်ပြသွားခဲ့ပါတယ်။ 

အရေးပါတဲ့ အချက်တစ်ခုကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေလည်းဖြစ်၊ ဘရစ်ခ် (BRICS) အဖွဲ့ဝင်တွေလည်း ဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ 'လုံခြုံရေးကောင်စီ အပါအဝင် ကုလသမဂ္ဂမှာ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတို့ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာရေး' အတွက် သူတို့ရဲ့ ထောက်ခံမှုကို ထပ်မံအတည်ပြုခဲ့ကြတာပါ။

 လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်က အဖွဲ့ဝင် ၅ နိုင်ငံနဲ့ စတင်ခဲ့တဲ့ ဘရစ်ခ်အဖွဲ့ဟာ အခုဆိုရင် တရားဝင် အဖွဲ့ဝင် ၁၁ နိုင်ငံအထိ တိုးချဲ့နိုင်ခဲ့ပြီဖြစ်ပြီး စီးပွားရေး ပမာဏရော ကမ္ဘာ့ဩဇာလွှမ်းမိုးမှုပါ ပိုမိုကြီးမားလာခဲ့ပါပြီ။ စာမျက်နှာ ၄၅ စာမျက်နှာရှိတဲ့ ဒီထိပ်သီးအစည်းအဝေး ကြေညာချက်ကို အောင်မြင်စွာ အတည်ပြုနိုင်ခဲ့တာဟာ အိန္ဒိယရဲ့ သံတမန်ရေးရာ အောင်မြင်မှုတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။ အကြောင်းကတော့ အရှေ့အလယ်ပိုင်း ပဋိပက္ခမှာ ရပ်တည်ချက်ချင်း မတူညီဘဲ ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့ အီရန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ကိုပါ ဒီကြေညာချက်စာတမ်းမှာ သဘောထားချင်း တူညီသွားအောင် စုစည်းပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)