မြောက်ဥက္ကလာပ၊ နို၀င်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အမှတ်(၄)အခြေခံပညာအလယ် တန်းကျောင်းမှ ကျောင်းသား၊ကျောင်း သူများအား အသိပညာဗဟုသုတများ ရရှိ စေရန် အတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါရုံး Community center ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ ၀င်းက မိမိတို့ဦးစီးဌာနမှ လူငယ်၊လူရွယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ လူငယ် ၊ လူရွယ်များ စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်၀ပြီးစဉ်းစားတွေးခေါ်မှု အသိဉာဏ်များပိုမိုရှင်သန်လာစေခြင်း နှင့် ပြင်ပ ဗဟုသုတများတိုးပွားလာစေခြင်းအကျိုးကျေးဇူးများ ရရှိစေခြင်း ၊ စာအုပ်စာပေ များကို နေ့စဉ်ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း စသည့် အသိပညာ ပေးဗဟု သုတများကို ရှင်းလင်းဟောပြောပေးခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာဖတ်ခြင်း၏အကျိုး အကြောင်းအား အကျယ်တ၀င့် အသိပညာပေး ရှင်းလင်း ဟောပြောခဲ့သည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် ဗီနိုင်း၊ ပိုစတာများ ၊ သုတ ရသ စာအုပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး ပျော်ရွှင်ဖွယ် ဂိမ်းကစားနည်းများကိုလည်း ယှဉ်ပြိုင် စေခဲ့ကြောင်းသိရသည်။
သက်လွင်စိုး
#News #Myanmar






No comments:
Post a Comment