မြိတ် ၊ နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြိတ်မြို့တွင် တရားမဝင်ကုန်ပစ္စည်းများ ကုန်သွယ်မှုများမရှိစေရေးအတွက် မြိတ်ခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးသည်။ဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖျာမြစ်ရှိ OK ဆိပ်ခံတံတားတွင် ဆိုက်ရောက်နေသည့် ကုန်တင်လှေတွင် စစ်ဆေးရေးအဖွဲ့လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကုန်လှေတွင်ပါရှိသည့် ဆန်အရည်အသွေးများကို ကြည့်ရှုသည်။ ထို့နောက် ပထော်ကျွန်း အနောက်ဘက်တွင် ရပ်နားထားသည့် မီချီလီ စက်သုံးဆီတင် သင်္ဘောသို့ ရောက်ရှိခဲ့ပြီး စစ်ဆေးရေးအဖွဲ့လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဆီတင်သင်္ဘောတွင် တင်ဆောင်လာသည့် စက်သုံးဆီများကို ကြည့်ရှုစစ်ဆေးသည်။တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ကျဝန်ထမ်းများမှ မြိတ်မြို့သို့ ရောက်ရှိထွက်ခွာကြသည့် ကုန်ပစ္စည်းများကို တင်ဆောင်သည့် ကုန်လှေနှင့် မော်တော်ယာဉ်များကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြရာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်က တာဝန်ကျ ဝန်ထမ်းများ လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်နှင့်လုပ်ငန်းစဉ်ကို ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost

No comments:
Post a Comment