နေပြည်တော်၊ နိုဝင်ဘာ ၉
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်း သား ရိုးရာယဉ်ကျေးမှု ပြန့်ပွားရေးနှင့် တိုင်းရင်းသားဒေသ ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်၍ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (တတိယ)အကြိမ် ပွဲတော် စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပထမအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိလည်းကောင်း၊ ဒုတိယ အကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီပွဲတော်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက် အထိလည်းကောင်း ရန်ကုန် တိုင်းဒေသကြီး၊ ကျိုက္ကဆံ အားကစားကွင်းတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော်ကို ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေသည့် အခြေအနေများကြောင့် Virtual Reality Festival အဖြစ် MRTV, Web Portal များဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၅ ရက်အထိ ကျင်းပရန် လျာထားဆောင်ရွက်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျင်းပ နိုင်ခြင်း မရှိသောကြောင့် လာမည့် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် မြေပြင်၌ မပြု လုပ်နိုင်စေကာမူ တစ်မူဆန်းသစ်ပြီး Virtual Reality Festival ဖြင့် ပြုလုပ်ကျင်းပနိုင် ရေးအတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း။
၂၀၂၁ ခုနှစ် အတွက် ပွဲတော်ကျင်းပရန် အချိန်ကာလအားဖြင့် (၁)လကျော်သာ ကျန်ရှိ တော့ပါကြောင်း၊ ကျင်းပဆောင်ရွက်နိုင်မည့် နေ့ရက်၊ အချိန်၊ ပါဝင်မည့်အစီအစဉ်များ၊ ဆောင်ရွက်နိုင်မည့် အချက်များကို ဆွေးနွေးပေးစေလိုပါကြောင်း၊ အစီအစဉ်တွင် တိုင်းရင်းသား ပေါင်းစုံ ပါဝင်နိုင်စေရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းဆောင်ရွက်ကြစေ လိုပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်မည့် အချက်များ အားလုံးကို ကူညီပံ့ပိုးပေး သွားမည်ဖြစ်ပါကြောင်း၊ စိန်ခေါ်မှုများစွာ ရှိနေသည့်ကြားမှ အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ဖြစ်အောင် စဉ်းစားဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ နိုင်ငံတော်၏မူဝါဒများနှင့်အညီ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစသည့် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပထမအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို ကချင် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြုလုပ်ခဲ့ပြီး၊ ဒုတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော် ဆီပွဲတော်ကို ကယားတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြုလုပ်ခဲ့ပါကြောင်း၊ ရလဒ်အနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသလူမှု စီးပွားဘဝ အခြေအနေနှင့် ထွက်ကုန်တို့ကို လေ့လာခွင့် ရရှိခဲ့ပြီး တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ ချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုတို့ ပိုမိုရရှိ ခဲ့ပါကြောင်း၊ တတိယအကြိမ်ပြုလုပ်မည့် ပွဲတော်နှင့်ပတ်သက်၍ ကျင်းပမည့်နေ့ရက်၊ အချိန်နှင့် အစီအစဉ် တို့ကို ဆွေးနွေးပေး ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်နှင့်ပတ်သက်၍ ထုတ်လွှင့်ပြသ နိုင်မည့် နေ့ရက်၊ အချိန်နှင့် ဖျော်ဖြေရေးအစီအစဉ်တို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ အတွင်းရေးမှူး ဦးမင်းဗညားစန်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ များက အထွေထွေဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment