မကွေး၊ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလားအသက်(၂၀)အောက်အခြေခံထိချက် (၆)ချက်နှင့် (၄)ပေါက်တန်း အမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းနားအတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အားကစား နည်းများတွင် မြန်မာ့ရိုးရာခြင်းခတ် အားကစားနည်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှု အားကစားပညာရပ်ဖြစ်သည့် ခြင်းခတ်အားကစားနည်းကို ထိန်းသိမ်း စောင့်ရှောက်ရင်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ပေါက်လာစေရေး၊ အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်နိုင်သော လူငယ်များ ပေါ်ပေါက်လာစေရေးသည် ယနေ့ လူငယ်များ၏ သမိုင်းပေး တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရိုးရာခြင်းခတ် အားကစားနည်း မတိမ်ကော မပပျောက်စေရေး၊ ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြုခြင်းခတ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးတို့အတွက် ယခုလိုခြင်းလုံးခတ်ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ သီရိသုဓမ္မမဏိဇောဓတရ လူမှုထူးချွန်ပထမအဆင့် မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးလှိုင်က တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၀)အောက် အခြေခံအထိ(၆)ချက် ခြင်းလုံးပြိုင်ပွဲနှင့် (၄)ပေါက်တန်း အမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် တာဝန်ယူ ဆောင်ရွက်မည့် ဒိုင်လူကြီးများအား ဆုငွေကျပ်(၄)သိန်းအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှ ပြိုင်ပွဲဝင်အားကစားသမားများက အသင်းအလိုက် ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၀)အောက် အခြေခံ အထိ(၆)ချက် ခြင်းလုံးပြိုင်ပွဲနှင့် (၄)ပေါက်တန်း အမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
သတင်း - ကိုစည်သူ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment