ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပသော ခရီးသွားလုပ်ငန်းစာရင်းဇယား၊ အသိပညာနှင့် မူဝါဒကမ္ဘာလုံးဆိုင်ရာဖိုရမ် ၂၀၂၁ သို့ Online မှ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပသော ခရီးသွားလုပ်ငန်းစာရင်းဇယား၊ အသိပညာနှင့် မူဝါဒကမ္ဘာလုံးဆိုင်ရာဖိုရမ် ၂၀၂၁ သို့ Online မှ တက်ရောက်



နေပြည်တော် နိုဝင်ဘာ ၄


မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အာဆီယံ-ကိုရီးယား စင်တာကို ၂၀၀၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ဈေးကွက်မြှင့်တင်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု အရှိန်အဟုန်မြင့်မားခဲ့ရာ ခရီးသွားလုပ်ငန်း အပါအဝင် တစ်ကမ္ဘာလုံး၏ လူမှုရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်များလည်း ကျဆင်းခဲ့သည်။


ယခုအခါ ယင်းကပ်ရောဂါမှ ရုန်းထွက်၍ ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြရာမှာ အိမ်ရှင်တောင်ကိုရီးယားနိုင်ငံသည် ကိုရီးယားယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း (OECD) နှင့် ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁   နာရီတွင် ခရီးသွားလုပ်ငန်း စာရင်းဇယား၊ အသိပညာနှင့် မူဝါဒကမ္ဘာလုံး ဆိုင်ရာဖိုရမ် ၂၀၂၁ (2021 Global Forum on Tourism Statistics, Knowledge and Policies) ကို ကျင်းပသည်။


ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ကိုရီးယားယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး Mr.Hee Hwang နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း (OECD) မှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Mathias Cormann တို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။


ဖိုရမ်၏ပထမနေ့တွင် ပိုမိုခိုင်မာသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် ခရီးသွား လုပ်ငန်းကို မည်ကဲ့သို့ပိုမိုကောင်းမွန်အောင် ပြင်ဆင်ကြမည်ကို ကိုဗစ်-၁၉ ကပ်ရောဂါမှ ရရှိခဲ့သော သင်ခန်းစာများကိုအခြေခံ၍ ဆွေးနွေးခဲ့ကြရာ ကိုလံဘီယာနိုင်ငံမှ စီးပွားကူးသန်း၊ စက်မှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးနှင့် အီဂျစ်ရှေးဟောင်းနှင့် ခရီးသွားလုပ်ငန်းဒုတိယဝန်ကြီးတို့ တက်ရောက် အမှာ စကားပြောကြားခဲ့ကြသည်။ ထို့နောက် စကားဝိုင်း ဆွေးနွေးပွဲတွင် ပေါ်တူဂီ၊ တောင်အာဖရိက၊ မက္ကဆီကိုနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာရှနှင့်ပစိဖိတ် ခရီးသွား လုပ်ငန်းအဖွဲ့အစည်း၊ ဩစတြေးလျကုန်သည်များအသင်းနှင့် ဥရောပအနာဂတ် ခရီးသွား လုပ်ငန်းအေဂျင်စီတို့မှ ခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။


ဖိုရမ်၏ ဒုတိယနေ့အစီအစဉ်ကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ပြန်လည် ထူထောင်လာခြင်းနှင့်အတူ ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်းပြန်လည်တည်ဆောက် ခြင်းခေါင်း စဉ်ဖြင့် ဆက်လက်ကျင်းပရာ ကော်စတာရီကာနိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီး Mr. Gustavo Segura က Online မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အသင်းအဖွဲ့များမှ အကြီးအကဲများနှင့် အတတ်ပညာရှင်များက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။


အဆိုပါဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာန တာဝန်ခံများနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။


ယင်းဖိုရမ်ကို ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် နည်းပညာတိုးတက်ပြောင်းလဲမှုများအပေါ် ရှင်းလင်းခိုင်မာသော မူဝါဒများဖြင့် တုံ့ပြန်ဖော်ဆောင်နိုင်ရန်၊ အစိုးရများအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရန်နှင့် တူညီသော ဦးတည်ချက်ဖြင့် မူဝါဒဆိုင်ရာ ပံ့ပိုးမှုများနှင့် အတွေ့အကြုံများကို မျှဝေနိုင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)