ရန်ကုန်၊ နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာသည့်နှင့် အမျှမြို့တွင်းခရီး သွားလာမှုမှာလည်း ယခင်ထက် ပိုမိုများပြားလာခဲ့ပြီဖြစ်ရာ ရန်ကုန်မြို့ တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်မြို့ တွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများအား ယခင်ကထက် တိုးမြှင့်ပြေးဆွဲ ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ သိရသည်။
“အရင်တုန်းက ကိုဗစ်ကာလဖြစ်တဲ့အတွက် လူတွေတော်တော်များများ သိပ်အပြင်မထွက် ကြတော့ YBS ယာဉ်တွေ ပြေးဆွဲပေးတာကလည်း ယာဉ်အစီးရေအားဖြင့် နည်းပါတယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာပြီး ရန်ကုန်မြို့တွင်း ခရီးသွားလာမှုများ ပိုမိုများပြား လာတာကြောင့် ယခင် ကထက် ယာဉ်လိုင်းတွေတိုးမြှင့်ပြီး ယာဉ်အစီးအရေများများနဲ့ နေ့စဉ်နံနက် (၅) နာရီကနေ ည(၇)နာရီလောက်အထိ ပုံမှန်ပြေးဆွဲပေးလျက်ရှိပါတယ်။ နောက်ပြီး လက်ရှိကာလမှာ ယာဉ်စီးခ ပိုမိုကောက်ခံတယ် ဆိုတဲ့ ယာဉ်တွေကိုလည်း ကျွန်တော်တို့အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဥပဒေနှင့်အညီ အရေးယူနိုင်ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ အရေးယူဆောင်ရွက်တဲ့အခါမှာလည်း ယခင်က ယာဉ်စီးခ ပိုမိုကောက်ခံတယ်ဆိုရင် ယာဉ်မောင်းကို ဒဏ်ကြေးသုံးသောင်းကျပ်နှင့် ယာဉ်မောင်းနှင်ခွင့် တစ်လပိတ်ပါတယ်။ ယခုအခါမှာတော့ ယာဉ်စီးခပိုမိုကောက်ခံတယ်ဆိုတဲ့ကိစ္စက တော်တော်လေးကိုများလာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဥပဒေနှင့်အညီ ခရီးစဉ်မှတ်တမ်း မပါတဲ့ ယာဉ်တွေဆိုရင် CNG သုံးလပိတ်ပါတယ်။ စပယ်ယာတင်တဲ့ယာဉ်တွေဆိုရင် CNG ခြောက်လပိတ်ပါတယ်။ နောက်တစ်ခုက ယာဉ်စီးခ ၅၀၀/- အထက် ကောက်ခံတဲ့ယာဉ်တွေဆိုရင် CNG ခြောက်လ ပိတ်ပါတယ်။ ပြီးတော့ ယာဉ်စီးခ ၅၀၀/- အထက်လည်း ကောက်ခံတယ်၊ စပယ်ယာလည်း တင်တယ် ဆိုရင်တော့ CNG တစ်နှစ်ပိတ်ပါတယ်၊ လုပ်ငန်းလိုင်စင်လည်း တစ်နှစ်ပိတ်ပြီး တော့ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်နေတဲ့အတွက် ယာဉ်စီးခ ပိုမိုကောက်ခံမှုတွေ လျော့နည်းလာလိမ့်မယ်ဆိုတာ ယုံကြည်မိပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် က ပြောကြားခဲ့သည်။
“ဒါ့အပြင် YBSယာဉ်တွေအနေနဲ့ CNG လုံလောက်စွာ ရရှိဖို့အတွက် ကျွန်တော်တို့ ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေနဲ့ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ဆက်သွယ်ညှိနှိုင်းမှုတွေ ဆောင်ရွက်လျက်ရှိပါတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်း YBSယာဉ်လိုင်းများ ပြေးဆွဲမှုအနေနဲ့ ယခင်ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားခင် ကာလက ယာဉ်လိုင်းပေါင်း(၁၀၂)လိုင်းရှိပြီး ယာဉ်အစီးရေ(၄၀၀၀)ခန့်ဖြင့် နေ့စဉ် မြို့တွင်း ခရီးသွားပြည်သူ (၂)သန်းခန့်အား ပုံမှန်ပြေးဆွဲ ပို့ဆောင်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေသည့် ကာလ၌ ယာဉ်လိုင်းပေါင်း (၅၀)ကျော်ရှိပြီး ယာဉ်အစီးရေ(၁၀၀၀)ခန့်ဖြင့် မြို့တွင်းခရီးသွားပြည်သူ (၁)သိန်းခန့်အား နေ့စဉ် ပြေးဆွဲပို့ဆောင်ပေးနိုင်ခဲ့ရာမှ ယခုအခါ YBS ယာဉ်လိုင်း(၉၇)လိုင်းမှ ယာဉ်အစီးရေ (၂၆၀၀)ခန့်ဖြင့် ခရီးသွားပြည်သူ (၅) သိန်းခန့်အထိ နေ့စဉ်တိုးမြှင့်ပြေးဆွဲပို့ဆောင် ပေး လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
သတင်း - နိုင်လင်းအောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment