ဘန်ကောက်၊ ဒီဇင်ဘာ ၂၆
မြန်မာ-ထိုင်းနယ်စပ်အနီး ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်ခရိုင်အတွင်း ထွက်ပြေးဝင်ရောက်လာသည့် မြန်မာပြည်သူများကို စောင့်ရှောက်မည်ဟု ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ကတိပြုပြောဆိုခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်း၌ ဖော်ပြထားသည်။
မြန်မာစစ်ဘေးရှောင်ပြည်သူများအား ဆေးဝါးနှင့် စားရပ်ရိက္ခာ ခွဲတမ်းပေးရန် ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း သိရသည်။
မြန်မာတပ်မတော်နှင့် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသောကြောင်း ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေကြောင်း သိရသည်။
နယ်စပ်ဒေသများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန် အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံဖြင့်ပို့ဆောင်နေသည့် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား နေ့စဉ်နှင့်အမျှ ဖော်ထုတ်ဖမ်းဆီးရမိလျက် ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ် ကိုင်ဆောင်သူ အကြမ်းဖက်သမားများ ထံမှလည်း ဖော်ထုတ်ဖမ်းဆီး/ သိမ်းဆည်း ရမိလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဒီဇင်ဘာ ၂၅ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် အကြမ်းဖက်သူများနှင့် မသက်ဆိုင်သူများကို မလိုလား အပ်သော တရားဥပဒေရင်ဆိုင်မှုများ မရှိစေနိုင်ရေးအလို့ငှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးသည် အကြောင်းအမျိုးမျိုးနှင့် နည်းမျိုးစုံဖြင့် မိမိတို့ နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီးတွင် တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအပါအဝင် နိုင်ငံတော်မှ ဥပဒေအရ တားမြစ်ပြဌာန်းထားသည့် မူးယစ်ဆေးဝါးများ လက်ဝယ်သို့ ရောက်ရှိသိမ်းဆည်း ထားခြင်းများရှိကြပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ/ နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လာရောက် အပ်နှံကြပါရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပြီး နောက် စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ခံရမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment