ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟတလျှောက်မေးပွဲမှတဆင့် သီးခြားစာချတန်း သုံးကျမ်းလုံးအပြီးအောင် သံဃာတော် အရှင်မြတ်(၃)ပါးပေါ်ထွန်းခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ၁၁ရက်တွင် စာလျှောက်မေးပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ကြေညာသည်။
စာလျှောက်မေးပွဲရေးဖြေအဖြေလွှာများ စစ်ဆေးချက်အမှတ်များအရ သီးခြားစာချတန်းမှ သုံးကျမ်းလုံးအပြီးအောင် (၃)ပါး၊ နှစ်ကျမ်းအောင် (၄)ပါး၊ တစ်ကျမ်းအောင် (၆)ပါးနှင့် သီးခြား စာသင်တန်းမှ (၂)ပါးအောင်မြင်ကြောင်း စာလျှောက်မေးပွဲကျင်းပရေးကော်မတီက အောင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။
သီးခြားစာချတန်း(၃)ကျမ်းလုံးအပြီးအောင် အရှင်မြတ်၃ပါးမှာ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် ဆယ်ရွာဇာတိ အရှင်ဝါယာမိန္ဒာလင်္ကာရာဘိဝံသ ( မန္တလေးမစိုးရိမ်တိုက်သစ်၊ ဓမ္မဒါယာဒကျောင်းတိုက်)၊ စစ်ကိုင်းတိုင်း ကန့်ဘလူ မဲသည်ကျေးရွာဇာတိ၊ အရှင်ပညာသာရာလင်္ကာရာဘိဝံသ ( မန္တလေး အောင်ချမ်းသာ ပရိယတ္တိစာသင်တိုက်)၊ မန္တလေး မတ္တရာအောက် တောင်ကိုင်းကျေးရွာဇာတိ အရှင်အဂ္ဂဉာဏာလင်္ကာရာဘိဝံသ ( မန္တလေး မြစကြာတောရကျောင်းတိုက်၊ မနောရထပူရဏီ )တို့ဖြစ်ပြီး လာမည့်နှစ် ဇန်နဝါရီ ၁၆ရက်တွင် အောင်လက်မှတ်ဆက်ကပ်မည်ဟု သိရသည်။
စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟတလျှောက်မေးပွဲကို ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း (၁)ရက်မှ နတ်တော်လဆန်း (၅)ရက်နေ့အထိ (၄-၁၂-၂၀၂၁ စနေနေ့ မှ ၈-၁၂-၂၀၂၁ ဗုဒ္ဓဟူးနေ့အထိ) ၅ ရက်တိုင်တိုင်နေ့စဉ် ၁၂းဝဝ နာရီမှ ညနေ ၁၆းဝဝ နာရီအထိ ကျင်းပခဲ့ပြီး သီးခြားစာသင်တန်း (၆၇)ပါး၊ သီးခြားစာချတန်း (၂၅)ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment