နေပြည်တော်၊ ဒီဇင်ဘာ ၂
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အမျိုးသားညွှန်ကိန်း မူဘောင်တို့နှင့်စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များအတွက် အခြေပြအစီရင်ခံစာ (SDG Indicator Baseline Report 2017) တွင် ပါသည့် ညွှန်ကိန်းများကို နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ဖော်ပြရန်နှင့် အမျိုးသား ညွှန်ကိန်းမူဘောင် အချက်အလက် အစီရင်ခံစာ (၂၀၂၁) (National Indicator Framework Status Report 2021) ကို ထုတ်ပြန်နိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပါကြောင်း။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) ဆိုသည်မှာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံအားလုံးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဖန်တီး ပုံဖော်နိုင်ရန် ရေးဆွဲထားသည့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ SDGs Goals များကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင်ဆောင်ရွက်ကြရန် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံမှ နိုင်ငံ့ ခေါင်းဆောင်များက ၂၀၁၅ ခုနှစ်တွင် သဘောတူခဲ့ကြပါကြောင်း၊ ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်လည်း SDGs များကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင် ဆောင်ရွက်မည်ဟု ကတိကဝတ်ပြုခဲ့ပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် SDGs ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍများတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှု ရှိစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေး၊ ကျား/မ တန်း တူညီမျှမှု ရှိစေရေးတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
SDGs တွင် ပန်းတိုင် (Goal) ၁၇ ခု၊ ဦးတည်ချက် (Target) ၁၆၉ ခု ပါဝင်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံ များအနေဖြင့် အဆိုပါပန်းတိုင်များ၊ ဦးတည်ချက်များကို မည်မျှပြည့်မီအောင် ဆောင်ရွက်ပြီးကြောင်း အကဲဖြတ်တိုင်းတာရာတွင် အသုံးပြုနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် ကုလသမဂ္ဂ စာရင်းအင်း ကော်မရှင်အစည်းအဝေး၌ ကမ္ဘာလုံးဆိုင်ရာ ညွှန်ကိန်း မူဘောင်ကို ထုတ်ပြန်ကြေညာ ခဲ့ပါကြောင်း၊ အဆိုပါမူဘောင်ကို အခြေခံပြီး မိမိတို့နိုင်ငံတွင်လည်း SDGs အကောင်အထည်ဖော် ဆောင်ရွက်မှုကို တိုင်းတာနိုင်ရန်အတွက် SDG Indicator Baseline Report ကို ၂၀၁၇ ခုနှစ်တွင် ပြုစုထုတ်ပြန်ခဲ့ပါကြောင်း။
ကုလသမဂ္ဂက ချမှတ်ထားသည့် SDGs များသည် ကမ္ဘာ့နိုင်ငံအားလုံးအတွက် ဘုံရည်မှန်းချက် အနေဖြင့် ရေးဆွဲထားခြင်းဖြစ်၍ နိုင်ငံတစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်များ၊ ဦးစားပေး အစီအစဉ် များနှင့် လိုက်လျောညီထွေမှု ရှိသည်များပါသကဲ့သို့ လိုက်လျောညီထွေမှု မရှိသည်များလည်း ပါရှိပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တခြားနိုင်ငံများနည်းတူ SDGs ကို လိုက်ပါ အကောင်အထည် ဖော်ရာတွင် မိမိနိုင်ငံနှင့်ကိုက်ညီသော ဦးစားပေးလိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ စီးပွားရေး၊ လူမူရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ မူဝါဒများ၊ မဟာ ဗျူဟာများ ရည်မှန်းချက်များနှင့် ကိုက်ညီစေရန် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း Myanmar Sustainable Development Plan (MSDP) ကို ၂၀၁၈ ခုနှစ်တွင် ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း။
မိမိတို့နိုင်ငံသည် ဗဟိုချုပ်ကိုင်မှုလျှော့ချသော စာရင်းအင်းစနစ် (Decentralized Statistics System) ကို ကျင့်သုံးသည့်နိုင်ငံဖြစ်သည့်အတွက် စာရင်းအင်းအချက်အလက်များ ပြည့်စုံ၊ မှန်ကန်၊ တိကျပြီး အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာလျှင် မိမိတို့နိုင်ငံ၏ အမျိုးသား စာရင်းအင်း စနစ်သည် ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်၍ သက်ဆိုင်ရာဌာနများ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အမျိုးသားညွှန်ကိန်းမူဘောင် လုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
အဆိုပါ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အမျိုးသားညွှန်ကိန်း မူဘောင်တို့နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများကို ဒီဇင်ဘာ ၂ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကာလအတွင်း တစ်ကြိမ် လျှင် (၁၀) ရက်စီဖြင့် လေးကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment