စင်ကာပူနှင့် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စင်ကာပူနှင့် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်






ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စင်ကာပူနှင့် ကိုရီယားနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ မြန်မာသံရုံးများမှ စီစဉ်သည့် ကယ်ဆယ်ရေးလေယာဉ်များဖြင့် ဒီဇင်ဘာ ၁၃ရက်နှင့် ၁၄ရက်များတွင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/ သွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ယနေ့ ဒီဇင်ဘာ ၁၄ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၈၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄နာရီ ၂၀မိနစ်တွင် ထွက်ခွာခဲ့ပြီး ဘရာဇီးမှ (၃) ဦး၊ ကနေဒါမှ (၁) ဦး၊ ဂျာမနီမှ (၁) ဦး၊ ဖိလစ်ပိုင်မှ (၃) ဦး၊ ဆွစ်ဇာလန်မှ (၁) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၃) ဦးနှင့် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၂၅) ဦး စုစုပေါင်း (၄၇) ဦးတို့ စီးနင်းလိုက်ပါခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အလားတူပင် ဒီဇင်ဘာ ၁၃ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၃နာရီခန့်ကလည်း (၈၂)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines – MNA) ပျံသန်းအမှတ် UB 1002ကို စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး COVID-19 ကြောင့် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခြင်း ခံထားရသူများ၊ သင်္ဘောသားများ နှင့် မြန်မာနိုင်ငံရှိ မိသားစုများထံ အလည်အပတ် ပြန်ကြသူများ အပါအဝင် စုစုပေါင်း (၁၂၄) ဦး လိုက်ပါခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါသည့် မြန်မာနိုင်ငံသားများ အနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေးနှင့် အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများက လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)