ဂန့်ဂေါမြို့ မြစ်သာခန်းမ ရေရှည်ခိုင်ခန့်ရေး ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့ မြစ်သာခန်းမ ရေရှည်ခိုင်ခန့်ရေး ဆောင်ရွက်လျက်ရှိ


ဂန့်ဂေါ၊ ဒီဇင်ဘာ   ၁၂

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ မြစ်သာခန်းမသည် သွပ်မိုး၊ ပျဉ်ကာ အဆောက်အအုံဖြစ်၍ မြေအကျယ်အဝန်း ၁ ဒသမ ၆၃၃ ဧကတွင် အလျား ၁၄၀ ပေ၊ အနံ ၆၆ ပေ၊ အမြင့် ၂၃ ပေရှိ အဆောက်အအုံကို ဆောက်လုပ်ထားခြင်းဖြစ်သည်။ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၆ ခုနှစ်၌ မြစ်သာခန်းမထိန်းသိမ်းရေးကော်မတီမှ လွှဲပြောင်းလက်ခံ ရယူခဲ့ခြင်းဖြစ်ပြီး တာဝန်ယူ သည့်ကာလတွင် အမိုးသစ်မိုးခြင်း၊ ထိုင်ခုံများဝယ်ယူခြင်း၊ မျက်နှာကျက်တပ်ဆင်ခြင်း၊ အပြင်ဘက် ဆေးသုတ်ခြင်း၊ စက်ရေတွင်း တူးဖော်ခြင်း၊ ခြံစည်းရိုးပြုလုပ်ခြင်း၊ ကားဂိုဒေါင်တည်ဆောက်ခြင်း၊ ခန်းမပတ်လမ်း ခင်းခြင်း စသည်ဖြင့် ဆောင်ရွက်ထားရာ ကုန်ကျငွေ ကျပ်သိန်း ၁၄၀၀ ကျော် ကုန်ကျမှုရှိ၍ လာမည့်နှစ်များတွင် ဆက်လက်ဆောင်ရွက်ရန် ရန်ပုံငွေများလျှာထား သည်ဟုလည်း  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဂန့်ဂေါမြို့နယ်ခန်းမကို ၁၉၇၅ ခုနှစ်က ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောက်လုပ်ခဲ့ကာ  “ မြစ်သာခန်းမ ” ဟု ခေါ်တွင်၍ ခန်းမရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ခန်းမထိန်းသိမ်းရေးကော်မတီအဆင့်ဆင့်က ထိန်းသိမ်းဆောင်ရွက် ခဲ့ပြီး ၂၀၁၆ ခုနှစ်မှစတင်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း  သိရသည်။

 “မြစ်သာခန်းမကို ၁၉၇၅ ခုနှစ်က အစပျိုးဆောက်လုပ်ခဲ့ပြီး ဒေသခံပြည်သူများရဲ့အားနဲ့ ကိုယ့်အားကိုယ်ကိုး ဆောက်လုပ် ခဲ့တာပါ၊ ၁၉၇၉ နှစ်မှာ အပြီးသတ်ဆောက်လုပ်နိုင်ခဲ့ပါတယ်၊ ချင်းပြည်နယ်မှာ မြစ်ဖျားခံစီးဆင်းတဲ့ မြစ်သာမြစ်ဟာ ဂန့်ဂေါမြို့ နယ် ထက်ဝက်ကျော်ခန့်ကို ဖြတ်သန်းစီးဆင်းပါတယ်၊ ဂန့်ဂေါမြို့နယ်အတွက် သောက်သုံးရေရှိပြီး မြေနုလွင်ပြင်များ ရရှိတဲ့ အတွက် စိုက်ပျိုးမြေများစွာရရှိခြင်းတို့အပြင် မြစ်သာမြစ်ကို အမှီပြု တည်ထောင်တဲ့ ရပ်ကွက်၊ ကျေးရွာအများ အပြားရှိပါတယ်၊ ဒါကြောင့်လဲ မြို့နယ်ခန်းမအမည်ကို မြစ်သာခန်းမလို့ အမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်” ဟု ထိုစဉ်က မြစ်သာခန်းမဆောက်လုပ်ရေး ကော်မတီတွင် ပါဝင်ခဲ့သူ ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက်မှ ဦးတင်မောင်က ပြောသည်။

ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများသည် ယမန်နေ့က အဆိုပါခန်းမသို့ရောက်ရှိ၍ မြစ်သာခန်းမ ရေရှည်ခိုင်ခန့်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးတို့နှင့် လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးကြသည်။

မြစ်သာခန်းမတွင် ခရိုင်/ မြို့နယ်အလိုက် အခမ်းအနားများ ကျင်းပလျက်ရှိသည့်အပြင် ဂန့်ဂေါမြို့နယ် ဇာတိဖြစ်တော်မူသော တိပိဋကဓရ (ယောဆရာတော်) ပူဇော်ပွဲ၊ ဂျပန်ဆရာတော်ပူဇော်ပွဲ၊ မြို့နယ်အဆင့် ပါဠိပထမပြန် စာမေးပွဲဆုဆက်ကပ်ပွဲများ စသည်တို့ကျင်းပသည့်အပြင် ချင်းပြည်နယ် ကျောင်းသား အားကစားပွဲတော်ကျင်းပစဉ် ကာလက ကြိုဆိုဖျော်ဖြေရေးစခန်း အဖြစ် ဖွင့်လှစ်ခဲ့သည်။

ထို့ပြင် အဆိုပါ မြစ်သာခန်းမဝင်းအတွင်း ဂန့်ဂေါမြို့နယ်မှတ်တမ်းမော်ကွန်းကျောက်စာတိုင်၊ ၁၉၈၀ ခုနှစ်က ဆောင်ရွက်ခဲ့ သည့် ဂန့်ဂေါမြို့နယ် လုံးကျွတ်စာတတ်မြောက်ရေးလှုပ်ရှားမှု ကျောက်စာတိုင်များကို စိုက်ထူထားသည့်အပြင် မြစ်သာ ခန်းမဝန်းကျင် တွင် မြို့ရေပေးဝေရေးတိုးချဲ့လုပ်ငန်းလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်း - တောင်သားမောင်သန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)