၂၀၂၀ ပြည့်နှစ်၊ စာအောင်သံဃာတော်များအား စာအောင်ဆုနှင်းသဘင်ပူဇော်ပွဲမင်္ဂလာ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၀ ပြည့်နှစ်၊ စာအောင်သံဃာတော်များအား စာအောင်ဆုနှင်းသဘင်ပူဇော်ပွဲမင်္ဂလာ အခမ်းအနားကျင်းပ

 





MNP - ဖေဖော်ဝါရီ    ၃

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၀ ပြည့်နှစ်၊ စာအောင်သံဃာတော် များအား စာအောင်ဆုနှင်းသဘင် ပူဇော်ပွဲမင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော တက်ရောက်လာသော ဧည့်သည်တော်များက အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မင်္ဂလာဝိုင်းတော်အဖွဲ့က ထူးမခြားနား သီချင်းဖြင့် သီဆိုပူဇော်ကာ နိုင်ငံတော်သြဝါဒါစရိယဆရာတော်၊ ထားဝယ်မြို့၊ ဃောသိတရာမကျောင်းတိုက် ဦးစီးပဓာနနာယက (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တပညာသာမိ ဆရာတော်ကြီး ထံမှ (၅) ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးမြတ်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ကြွရောက်တော် မူလာကြသော ဆရာတော်ကြီးများအား တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်၊ ထားဝယ်စာဖြေဌာနမှ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆို အောင်မြင်တော်မူခဲ့သော စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးမြတ်ကို၊   ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ် လှူဒါန်းပြီးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသဆရာတော်ကြီး ထံမှလှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြပြီး မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေ ဓမ္မတေးဖြင့် သီဆိုပူဇော်ကာ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်စာဖြေဌာနမှ ၂၀၂၀-ပြည့်နှစ်၊ ဓမ္မာစရိယနှင့် ပထမပြန် စာမေးပွဲတွင် ဝင်ရောက်ဖြေဆို အောင်မြင်ကြသော စာအောင်သံဃာတော်များမှာ ဓမ္မာစရိယ (၃)ကျမ်းအောင် သံဃာတော် (၁၆)ပါး၊ ပထမအကြီးတန်းအောင် သံဃာတော်(၁၈)ပါး၊ ပထမအလတ်တန်းအောင် သံဃာတော်(၁၆)ပါး၊ ပထမအငယ်တန်းအောင် သံဃာတော်(၆၁)ပါး၊ အခြေ ပြုမူလတန်းအောင် သံဃာတော် (၁၆)ပါး၊ မြိတ်ခရိုင်စာအောင်သံဃာတော်(၉၂)ပါး၊ ကော့သောင်းခရိုင်မှစာအောင် သံဃာ တော်(၅၁)ပါးရှိကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)