Pages

Pages

အမျိုးသားစစ်မှုထမ်းဥပဒေအရ နိုင်ငံသား တွေစစ်မှုထမ်းရမယ် ဟု နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား


MNP ၊ ဖေဖော်ဝါရီ ၃

ယမန်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂) တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် အမျိုးသားစစ်မှုထမ်းဥပဒေအရ နိုင်ငံသား တွေစစ်မှုထမ်းရမယ် ဟု ထည့်သွင်းပြောကြားသွားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်ရေး စွမ်းပကားမြှင့်တင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “ကျွန်တော်တို့အတွက် ဒီနှစ် ၂၀၂၂ ခုနှစ်ဟာ ကျွန်တော်တို့အတွက်လည်း စိန်ခေါ်တဲ့နှစ်တစ်နှစ်လည်း ဖြစ်လာ နေပြီ။ ဘာလို့ဆိုတော့ ဒီစီးပွားရေးကိုပြန်ပြီးတော့ မတ်လာအောင်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့အပေါ်မှာပြည်သူက ယုံကြည်မှုရှိလာမယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက် ၃ ခုရှိပါတယ်။ တစ်အချက်ကတော့ တိုင်းပြည်စီးပွားရေးကို ကျွန်တော် ရအောင်ဆွဲ တင်မယ်ပြောထားတယ်။ ပြီးခဲ့တဲ့နှစ်အတွေ့အကြုံအရ ကျွန်တော်တို့ မလုပ်နိုင်စရာ အကြောင်းမရှိဘူး။ ၂၀၂၂ ခုနှစ်မှာ စီးပွားရေးအားကောင်းအောင် ကျွန်တော်တို့ တိုးတက်အောင်လုပ်မယ်။ ပြီးရင် ဒုတိယကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ ရှေ့လုပ်ငန်းစဉ်မှာဖော်ပြထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေမှာ ကျွန်တော်တို့ရတဲ့ လမ်းကြောင်းတွေမှာ ကျွန်တော်တို့ အကုန်လုပ် မှာ။ အဲ့ဒီနှစ်ခု နိုင်ငံရေးကလည်း ကောင်းနေတယ်။ စီးပွားရေးကလည်း အားကောင်း လာပြီဆိုရင် ဒီဘက်ကနိုင်ငံတော်ကာကွယ်ရေးအတွက်ကို အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်ကို နောင်ကျွန်တော်တို့သွားရမယ်။ အားလုံးပါဝင်တဲ့။ ကျွန်တော်တို့ ဥပမာ ကျွန်တော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေ မကျင့်သုံး ရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်း ဥပဒေ ကျွန်တော်တို့မကျင့်သုံးရတာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေရှိလို့ ကျွန်တော်တို့လုပ်လို့မရဘူး။ ခုနကပြောတဲ့ တစ်ရယ်၊ နှစ်ရယ် ကျွန်တော်တို့က ကောင်းကောင်းထိန်းနိုင်ပြီ၊ လုပ်နိုင်ပြီဆိုလို့၊ လက်ထဲမှာပိုင်ပိုင် နိုင်နိုင်ရှိပြီဆိုလို့ရှိရင် တတိယဖြစ်တဲ့ ကာကွယ်ရေးစွမ်းပကားတွေကို ရအောင် ကျွန်တော်တို့က မြှင့်တင်ရမယ်။ အဲ့ဒီမှာ အမျိုးသားစစ်မှုထမ်းဥပဒေအရ နိုင်ငံသား တွေစစ်မှုထမ်းရမယ်။ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည်၊ ဒါသူ့ရဲ့ သတ်မှတ်ထားတဲ့ ဟာအတိုင်း ကျွန်တော်တို့ စစ်မှုထမ်းရမယ်။ တစ်နှစ်လည်းဖြစ်ရင်ဖြစ်မှာပေါ့ဗျာ၊ တစ်နှစ်ခွဲလည်းဖြစ်ရင်ဖြစ်မှာပေါ့။ အခြေအနေပေါ်မူတည်ပြီးတော့ တိုင်းပြည်ရဲ့အခြေ အနေပေါ်မူတည်ပြီး တော့လုပ်ရမှာပေါ့။ ဒါကလုပ်ရမှာ၊ မလုပ်လို့မရဘူး။ ကာကွယ်ရေး စွမ်းအားမကောင်းတော့ ကျွန်တော်တို့ခံသွားရမှာပေါ့။ သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့။ စီးပွားရေးအား မကောင်းလည်း ပိုက်ဆံမရှိတော့ မျက်နှာငယ် ရတယ်။ နိုင်ငံရေးအားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို မျိုးစုံ ပြဿနာတွေရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအား မကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်မယ်။ ကျွန်တော်တို့တွေ စော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာ မဟုတ်ဘူး။ ဒီ ၃ ခုက ကျွန်တော်တို့ မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်ဖြစ်ပါ တယ်။ ဒါကိုကျွန်တော်တို့က ဒီနှစ်မှာ တတ်နိုင်သလောက် ဆွဲတင်ပြီးတော့ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။” ဟုပြောကြားသွားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ (၃၈၆)တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည် ဟု ပြဋ္ဌာန်းထားသော်လည်း ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ဆက်တွင် ဥပဒေပြဋ္ဌာန်းနိုင်ခြင်း မရှိခဲ့ဘဲ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရန် ရည်ရွယ်ပြောကြားသွားသည်။

             

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment