ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဖွင့်ပွဲအခမ်းအနားကျင်းပ


MNP ၊ ဖေဖော်ဝါရီ ၁၄ 

အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ် ငန်းစီမံချက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်နှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနဦးစီးမှူး၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူး များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အ နေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် အနက် အမှတ်စဉ် (၁) ဖြစ်သည့် မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည် များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အမှတ်စဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း။


ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားတိုင်း ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိရာ နိုင်ငံသားများသည် ဥပဒေနှင့်အညီ မဲပေးရမည်ဖြစ်ကြောင်း၊ ယခုမဲစာရင်းများ ပြုစုရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သည့်နေရာတွင် မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်ပြီး ပြည့်စုံမှန်ကန် သော မဲဆန္ဒရှင်စာရင်းရရှိရေး၊ ဥပဒေနှင့်အညီ ပါဝင်ရမည့်သူများ ပါဝင်ခွင့်ရရှိပြီး မပါဝင်သင့်သူများ မပါဝင်စေ ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိမနေစေရေးတို့ကို အထူးအလေးထား၍ မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုစာရင်းပုံစံ ( ၆၆ / ၆ ) အပေါ်အခြေခံပြီး ပြုစုလျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခု အနက် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ် မြေတို့၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုပြီးဖြစ်ကြောင်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတွင်လည်း မကြာမီ လုပ်ငန်းပြီးစီးတော့ မည် ဖြစ်ကြောင်း။


ယနေ့တွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၌ ပြုစုပြီးဖြစ်သည့် အခြေခံမဲဆန္ဒရှင်စာရင်း များကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးသည့် ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန (အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန) နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စစ်ဆေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့်လည်း ပန်းခင်းစီမံချက်အရ မှတ်ပုံတင်မရှိသေးသူများကို မှတ်ပုံတင်ပြုလုပ်ပေးလျက်ရှိပြီး နိုင်ငံသား ကတ်ရသင့်ရထိုက်သူများကို မှတ်ပုံတင်ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့်လည်း ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း မြေပြင်တွင် အမှန်တကယ်နေထိုင်သည့် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် တိကျမှန်ကန်သော လူဦးရေစာရင်းများ ရရှိမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနများ ပူးပေါင်းပါဝင်၍ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့‌ဆောင်ရွက်ခြင်းသည် လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုအပြည့်ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံဝန်ထမ်းများအားလုံး အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။


မဲစာရင်းများစစ်ဆေးခြင်း  ရှေ့ပြေးလုပ်ငန်းစဉ်များအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဦးရေစာရင်းပုံစံ ( ၆၆ / ၆ ) အရ ကြိုတင်စာရင်း ပြုစုထားပြီး ဖြစ်သည့် လူဦးရေစာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မြေပြင် လက်ရှိနေထိုင် လျက်ရှိသည့် လူဦးရေစာရင်း (ထွေ - ၁ က)များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးမှ ဦးစီးအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ခံအရာရှိများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများပါဝင်သောအဖွဲ့တို့ဖြင့် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်း၊ ခရိုင်၊ မြို့နယ်များအလိုက် စာရင်းများကို ကွန်ပျူတာနည်းပညာကို အသုံးပြု၍ အပြန်အလှန် စစ် ဆေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)