နေပြည်တော် မတ် ၂၀
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အကြိမ် (၃၀) မြောက် ဘွဲ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ပိုင်းက နေပြည်တော် ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ် ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဧည့်သည်တော်များ၊ စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးတက္ကသိုလ်၏ “စိုက်ပျိုးပညာ ပြည်ရွာဖွံ့ဖြိုး” ဆိုသည့် ဆောင်ပုဒ်ကို ရင်ဝယ်ပိုက်ပြီး စိုက်ပျိုးရေးကဏ္ဍကြီး ပိုမိုဖွံ့ဖြိုးကောင်းမွန်စေရန်အတွက် ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေး၊ ဘေးကင်းပြီး အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ တိုးတက်ထုတ်လုပ်ရေး၊ ကျေးလက်နေ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲချမ်းသာ ကွာဟမှုလျှော့ချပြီး မျှတသည့် လူ့ဘောင် အဖွဲ့အစည်း ဖြစ်ပေါ်လာရေး၊ ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်အဖြစ် ပိုမိုကောင်း မွန်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရမောင်မယ်များအနေဖြင့် လယ်ယာ ကဏ္ဍ၏ ထုတ်လုပ်မှု ကွင်းဆက်တစ်လျောက်တွင် မိမိတို့ပါဝင်နိုင်သည့် အခန်းကဏ္ဍမှ တတ်မြောက်ထားသော ပညာရပ်များ၊ ကြိုးစားလုပ်ကိုင်လိုသော လုံ့လဝီရိယတို့ ပေါင်းစပ်ကာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်လုပ်ဆောင်ကြမည်ဆိုပါက မိမိတို့ အကျိုးစီးပွား၊ တောင်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မား လာမှုနှင့်အတူ အသိပညာအခြေပြု စိုက်ပျိုးရေးစနစ် ဖြစ်ပေါ်လာပြီး ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသည့် စိုက်ပျိုးရေး လုပ်ငန်းများအဖြစ် ပေါ်ထွန်းလာကာ နိုင်ငံ့စီးပွားလည်း တိုးတက်စေမည်ဖြစ်၍ စိတ်အားထက်သန်စွာ သံဓိဌာန် ချမှတ်ပြီး တစ်တပ်တစ်အား ကြိုးပမ်းလုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူး များ၊ ဆရာ၊ ဆရာမများ၊ ဧည့်သည်တော်များ၊ ဘွဲ့ရမောင်မယ်များသည် ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် စုပေါင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ်၏ အကြိမ် (၃၀)မြောက် ဘွဲ့ပေးအပ်ပွဲ အခမ်းအနား အစီအစဉ်ကို ဆက်လက်ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်က ဘွဲ့ရမောင်မယ်များကို အမှာစကား ပြောကြားပြီး သက်ဆိုင်ရာဘွဲ့လက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ယနေ့ကျင်းပပြုလုပ်သည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အကြိမ် (၃၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပါရဂူဘွဲ့ (၁၆)ဦး၊ စိုက်ပျိုးရေး မဟာသိပ္ပံဘွဲ့ (၄၀)၊ စိုက်ပျိုးရေး မဟာဒဿနဘွဲ့ (၁)ဦး၊ စိုက်ပျိုးရေး သိပ္ပံဘွဲ့ (၁၇၁)ဦး တို့အတွက် ဘွဲ့လက်မှတ်များ ပေးအပ် ခဲ့သည်။ လာမည့် စာသင်နှစ်များတွင် လည်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဘေးကင်းပျော်ရွှင်စွာ လေ့လာသင်ယူနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment