နည်းပညာတက္ကသိုလ်(လွိုင်ကော်)ရှိ သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြု ပစ္စည်းများပျောက်ဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(လွိုင်ကော်)ရှိ သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြု ပစ္စည်းများပျောက်ဆုံး









MNP ၊ မတ် ၉

KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လာခဲ့ပြီး လူနေအဆောက်အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချ၍လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခဲ့သည်။


ထိုသို့ဆောင်ရွက်မှုကြောင့် အေးချမ်းစွာ နေထိုင်လိုသော ဒေသခံပြည်သူအချို့နှင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာမှ လွတ်ကင်းရာသို့ ခေတ္တတိမ်းရှောင်ခဲ့ရပြီး လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာတွင် တည်ရှိသည့် နည်းပညာတက္ကသိုလ်(လွိုင်ကော်)မှ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများသည်လည်း ဇန်နဝါရီ ၁၂ ရက်မှစ၍ ဘေးလွတ် ကင်းရာသို့ ခေတ္တတိမ်းရှောင်ခဲ့ရသည်။ ကျောင်းအတွင်း၌ စီမံဝန်ထမ်း ၄ ဦး၊ သင်ကြားရေးဝန်ထမ်း ၃ ဦး အပါအဝင် လုံခြုံရေး၊ သန့်ရှင်းရေးဝန်ထမ်း စုစုပေါင်း ၁၅ ဦးခန့် ကျန်ရှိနေထိုင်ခဲ့ကြောင်း သိရှိရသည်။ 


၎င်းနောက်ပိုင်း ကယားပြည်နယ် အစိုးရအဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ခေတ္တတိုက်ပွဲရှောင်ဒေသခံ ပြည်သူများကို နယ်မြေလုံခြုံရေးအပြည့်အဝ ဆောင်ရွက်ထားပြီးဖြစ်၍ နေရပ်ပြန်လာကြရန် နီးစပ်ရာဆွေမျိုးများမှတစ်ဆင့် ဖိတ်ခေါ်ခဲ့သဖြင့် နေရပ်အသီးသီး၌ ပြန်လည်ရောက်ရှိလာကြပြီး နည်းပညာတက္ကသိုလ်(လွိုင်ကော်)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများသည်လည်း ဇန်နဝါရီ ၂၅ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ သိရှိရသည်။ 


ထို့နောက် ဖေဖော်ဝါရီလအတွင်း၌ နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာပြီဖြစ်သဖြင့် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများသည် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းကော်မတီအဖွဲ့ဖြင့် ဖေဖော်ဝါရီ ၂၀ ရက်မှစတင်၍ လုံခြုံရေး အခြေအနေအရ ခွင့်ပြုသည့်အချိန်များတွင် သွားရောက်စစ်ဆေးခဲ့ရာ တက္ကသိုလ်ရှိ ဌာနကြီး ၇ ခုမှ ကွန်ပျူတာ ၂၂ လုံး၊ Laptop ၄၉ လုံး၊ Printer ၁၆ လုံး၊ မိတ္တူကူးစက် ၁၆ လုံး၊ ရုံးသုံးပရိဘောဂများ စုစုပေါင်းခန့်မှန်းကာလတန်ဖိုးငွေကျပ် ၁၁၈၀ သိန်းခန့် ပျောက်ဆုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါပစ္စည်းများ ပျောက်ဆုံးပျက်စီးမှုနှင့်ပတ်သက်၍ မတ် ၇ ရက်တွင် လွိုင်ကော်မြို့မရဲစခန်း၌ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် ထားရှိကြောင်း သိရှိရသည်။ 


နည်းပညာတက္ကသိုလ် (လွိုင်ကော်)ရှေ့တွင် ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းမှာ လွိုင်ကော်မြို့မှ အကြမ်းဖက်သမားများ အခြေပြုနေထိုင် လှုပ်ရှားခဲ့သည့် နမ့်မယ်ခုံကျေးရွာနှင့် မိုးဗြဲမြို့များသို့ ဆက်သွယ်ထားပြီး တိုက်ပွဲဖြစ်ပွားရာတွင် အကြမ်းဖက်သမားများ အများဆုံးအသုံးပြုခဲ့သည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ လမ်းကြောင်းပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း၌လည်း ဒေသခံများ တိမ်းရှောင်လျက်ရှိသဖြင့် နေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများမှ ပစ္စည်းများအား အကြမ်းဖက်သမားများမှ ဖျက်ဆီးခြင်း၊ ခိုးယူခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် ပြည်သူတို့၏ စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။ ယခုတက္ကသိုလ်အတွင်းမှ သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြုပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးခဲ့ရခြင်းသည်လည်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်စီးစေရန်နှင့် ပညာသင်ကြားမှုကို ပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည့် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များပင်ဖြစ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရသည်။ 


သို့ဖြစ်ပါ၍ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း၌ စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များမဟုတ်သည့် ဘာသာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေရပ်ကွက် အဆောက်အဦများကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာနှင့် နိုင်ငံပိုင်ပစ္စည်းများအား ပျက်စီးဆုံးရှုံးစေခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)