Pages

Pages

ကျေးသီးမြို့နယ်၊ ကုန်းမိုက်ဟုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


MNP - မတ်    ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ်ကာလအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ထပ်တိုး အကောင်အထည်ဖော်ဆောင်ရွက်သည့် မိုင်းကောင်ကျေးရွာအုပ်စု၊ ကုန်းမိုက်ဟုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးနိုင်၊ စီမံကိန်းတာဝန်ခံနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကုန်းမိုက်ဟုန်း ကျေးရွာတွင် အရှည် (၅၂၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။

ကုန်းမိုက်ဟုန်းကျေးရွာတွင် အဆိုပါလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုး ရန်ပုံငွေ ကျပ်( ၁၀ )သန်း ၊  ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ်( ၁ ဒဿမ ၅၃၉ ) သန်း  စုစုပေါင်း   ငွေကျပ်( ၁၁ ဒဿမ ၅၃၉ )သန်း၊ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှု တို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အကျိုးပြုအိမ်ခြေ ( ၃၂ )အိမ်၊ လူဦးရေ (၁၈၇)ဦးအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။

သတင်း - နန်းမွမ်းဆိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment