MNP ၊ မတ် ၁၉
နိုင်ငံတော် အကြပ်အတည်းနှင့် ပစ္စည်းလေးပါးခေါင်းပါးမှုက သာသနာတော် ချိနဲ့ခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရက မိန့်ကြားသည်။
ယမန်နေ့က မတ် ၁၈ရက်က မန္တလေးမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသည့် ကျောက်ဆည်မြို့နယ်၊ သံရွာတိုက်နယ် မိသားစု၏ ဆန်တင်း(၃၀၀)ကျော်နှင့်နဝကမ္မဝတ္ထုငွေကျပ်သိန်းတစ်ရာ အလှူတော် အခမ်းအနားတွင် အထက်ပါအတိုင်းမိန့်ကြားခဲ့ခြင်းဖြစ်သည်။
သီတဂူဆရာတော်ကြီးက " ဒီလောက်ရှားပါးကျပ်တည်းနေတဲ့ ခေတ်ကြီးမှာ ဆန်တင်း ၃၅၀အထိ ရှာနိုင်တာ ချီးကျူးဂုဏ်ပြုပါတယ်။ တို့ကျောင်း ဆန်တင်း နှစ်ထောင် လေးငါးထောင်ထိရခဲ့တာ အခု ၁၀၀၀အောက်ရောက်သွားပြီ ၁၀၀၀အထက်မရှိတော့ဘူး ဒီတော့ ကျောင်းထားတဲ့ သံဃာတော် လျှော့ရတယ်။ကျောင်းမှာ ၁၀၀ထက်ပိုမထားပဲ ၁၀၀ပဲထားတယ်။ မြန်မာတစ်နိုင်ငံလုံးက ကျောင်းတွေမှာ ဒီလိုကြီး ဖြစ်ကုန်တယ်။ ဒီတော့ ကျောင်းတွေမှာ မှီခိုခွင့်မရတဲ့ သံဃာငယ်တစ်ချို့က သာသနာတော်ကနေ ထွက်ခွာသွားတယ်။ နိုင်ငံတော်ရဲ့ အကြပ်အတည်းနဲ့ ပစ္စည်းလေးပါး ခေါင်းပါးတဲ့ ကိစ္စက သာသနာတော် ချိနဲ့ခြင်းရဲ့ အကြောင်းပဲ။ ကျောင်းနေခွင့်မရတဲ့ သံဃာတွေက စိတ်ဓာတ်ကျပြီးတော့ ထွက်ခွာတော်မူရတယ်။ ဒါကြောင့် လှူဒါန်းတဲ့ ဆန်တင်းက သာသနာတော်အတွက် အများကြီးအထောက်အပံ့ဖြစ်သွားပါတယ် "ဟု မိန့်ကြားသည်။
ယခုလို ကပ်ဘေးကာလအတွင်း စီးပွားရေးသမားများ လောဘလျှော့ကြရန်လိုကြောင်း သီတဂူဆရာတော်ကြီးက ထပ်မံမိန့်ကြားသည်။
"လောဘကြီးတဲ့ခေတ်မှာ အငတ်ဘေးဆိုက်တက်တယ်။ ဒါကြောင့် စီးပွားရေးသမားတွေ လောဘလျှော့ကြပါ။ ပစ္စည်းတွေကို ဈေးတင်မရောင်းကြပါနဲ့။ လောဘကြီးတဲ့သူတစ်ချို့ကြောင့် အားလုံးဒုက္ခရောက်နိုင်တယ်"ဟု မိန့်ကြားခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment