(၇၇)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်ပန်းခြံဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်ပန်းခြံဖွင့်လှစ်






MNP - မတ်    ၂၇

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရုံးကုန်းအဝိုင်းအနီးရှိ ဇွဲကပင်ပန်းခြံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါ ပန်းခြံမုခ်ဦးရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ရိုးရာဖားစည်တီး၍ ကျွဲချိုမှုတ်ကာ ပန်းခြံဖွင့်ပွဲအခမ်းအနားကိုစတင်ကျင်းပပြီး ကရင် ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အနားယူအပန်းဖြေနိုင်ရေး၊ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်၏ တန်ဖိုးနှင့်အရေးကြီးပုံကို ပြည်သူလူထုအများစုက သဘောပေါက်တန်ဖိုးထားတက်စေရန်၊ ရုက္ခဗေဒပညာရှင်များ၊ ပန်းဝါသနာရှင်များ၊ ခရီးသွားဧည့်သည် များအတွက် ဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ Green City , Clean City ဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်၊မြို့များ၏ အဝင်အထွက်နေရာများ စိမ်းလန်း စိုပြေလှပရေး၊ သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် အများပြည်သူ အနားယူအပန်းဖြေ နိုင်မည့် ပန်းခြံ၊ ကလေးကစားကွင်းနှင့် လျှောက်လမ်းများကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ဇွဲကပင်ပန်းခြံကို အဆင့်မြင့်ပန်းခြံတစ်ခုဖြစ်စေရေး အစဉ်အမြဲ ပြုစုထိန်းသိမ်းစောင့်ရှောက်ပြီး ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေရေး ဖန်တီးဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုကြောင်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စိုးနှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေး မှူးသူရမြင့်သူတို့က ဇွဲကပင်ပန်းခြံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဇွဲကပင်ပန်းခြံ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဇွဲကပင်ပန်းခြံအတွင်းရှိ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ ဇွဲကပင်ပန်းခြံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် ဇွဲကပင်ပန်းခြံအတွင်းရှိ စတိတ်စင်တွင် စင်တင်တေးဂီတများဖြင့် ဧည့်ခံ ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဘားအံမြို့၊ ဇွဲကပင်ခန်းခြံကို မူလမြေဧရိယာ ၃ ဒသမ ၉ ဧကမှ ၄ ဒသမ ၄ ဧကထိ တိုးချဲ့ပြီး မြေယာရှုခင်း Landscaping ကိုအခြေခံ၍ အရိပ်ရသစ်ပင် ၁၅၀ ပင်၊ ရွက်လှပန်းပင် ၆၀၀၀၀ ခန့်၊ ပန်းအလှပင် ၃၀၀၀၀ ခန့် စိုက်ပျိုးထားရှိပြီး ပြည်နယ်၏အထင်ကရ ဇွဲကပင်တောင်ပုံစံငယ် တစ်ခုအပါအဝင် ကွန်ကရစ်လျှောက်လမ်း၊ ကားပါကင်၊ ကလေးကစားကွင်း၊ ကျောက်တုံးရေတံခွန်နှင့် ရေပန်း၊ ကျောက်စီမြေထိန်းနံရံ၊ အုတ်စီရေမြောင်းများ၊ စတိတ်စင်၊ အုပ်ချုပ်မှုရုံးများပါဝင်ကာ စုစုပေါင်းကုန်ကျငွေကျပ် ၄၁၆ ဒသမ ၇၉ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)