တရုတ်နိုင်ငံ(ယူနန်ပြည်နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ(ယူနန်ပြည်နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်းဆွေးနွေး


MNP ၊ ဧပြီ ၂၉

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပူးတွဲကြိုတင် ကာကွယ် ထိန်းချုပ်ရေးကို ထိရောက်စွာတွန်းအားပေးနိုင်ရေး၊ နှစ်နိုင်ငံ ပြည်ဝင်/ ထွက်ဂိတ် နယ်စပ်ကုန်သွယ်မှု ချောမွေ့စေရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တည်ငြိမ်စွာ တွန်းအားပေးနိုင်ရေး ရည်ရွယ်၍ တရုတ်နိုင်ငံ (ယူနန်ပြည်နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။


ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ် Ms.Yang Mu၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး(မန္တလေး)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး(ကူမင်းမြို့)တို့မှ ကောင်စစ်ဝန်ချုပ်များက အဖွင့်အမှာစကားများ ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံဘက်မှ ရာသီပေါ် သရက်သီးအပါအဝင် ပုပ်သိုးကုန် သစ်သီးဝလံများအား တရုတ်နိုင်ငံဘက်သို့ လျင်မြန်စွာတင်ပို့နိုင်ရေးကိစ္စ၊ နယ်စပ်တွင် တရုတ်ခေါက်တိုယာဉ်များ ဈေးနှုန်းကြီးမြင့်မှု လျှော့ချရေးကိစ္စ၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ကုန်သွယ်မှုပြုရာတွင် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးကိစ္စ၊ BP–125 နယ်စပ်ဂိတ် ယာယီဂိတ်ဖွင့်လှစ်နိုင်ရေး၊ အဆိုပါဂိတ်မှ မြန်မာ့ပို့ကုန်ကြံများကို တင်ပို့နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်မှု မူဝါဒ အပြောင်းအလဲများအား Contact Person မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ရေးကိစ္စ၊ အကောက်ခွန် ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ SPS လုပ်ငန်းစဉ်များတွင် GACC နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များအား နှစ်ဖက် တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


ဆွေးနွေးပွဲသို့ ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့များနှင့် မြန်မာနိုင်ငံဘက်မှ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ယနေ့ကျင်းပသည့် တရုတ်နိုင်ငံ(ယူနန်ပြည်နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရေးအတွက် ရှေးရှုပြီး ကဏ္ဍအလိုက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းဖြင့် မျှတသော ကုန်သွယ်မှုကို ဖြစ်ပေါ်စေကာ နှစ်နိုင်ငံအကြား ရေရှည်ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံရေးကို ဖော်ဆောင်ပေးနိုင်ရေး ဆွေးနွေးနိုင်ခဲ့သော အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)