MNP - ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် အပူရှိန်ပြင်းသဖြင့် ယခင်နှစ်များထက် ရေပိုသွင်းရခြင်း၊ ထွန်ယက်ခြင်းနှင့် ပိုးသတ်ဆေးများ ပက်ဖျန်းပေးရပြီး ကုန်ကျ စရိတ်များသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း မာလကာကုန်းကျေးရွာရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက် တောင်သူများထံမှ သိရသည်။
ကျွန်တော်တို့ ပြောင်းစိုက်တောင်သူတွေအနေနဲ့တော့ “ပြောင်းကို ပြာသိုလကတည်းက စစိုက်တာပေါ့။ ပြောင်းစစိုက်တော့မယ်ဆိုရင် ထွန်နှစ်ပြန်ယက်ရတယ်။ ပြီးမှ မြောင်းပြန်ဖော် ပေးပြီး မျိုးစေ့ ထည့်ပေးရပါတယ်။ ပြောင်းမျိုးကိုတော့ မြို့မဈေးမှာဘဲ ဝယ်ယူတာပေါ့။ မျိုးစေ့ အထုပ်တွေကတော့ ဈေးအမျိုးမျိုးရှိတာပေါ့။ ပြောင်းကိုစစိုက်ပြီးပြီ ဆိုရင် (၃)လလောက်ဆို ရောင်းလို့ရပါပြီး။ ယမန်နှစ်ကတော့ သကြားပြောင်းဖူး တစ်ဖူးကို ငွေကျပ် (၁၀၀)ပဲ ရတယ်။ ပြောင်းကတော့ သန်တဲ့အပင်မှ ၂ဖူးလောက်ပဲ ရတယ်။ မသန်တဲ့အပင်ဆို (၁)ဖူးပဲ ရတယ်။ ယခုနှစ်မှာတော့ ပိုးကျတဲ့အပြင် ရာသီဥတုကလည်း ဖောက်ပြန်မှုရှိတဲ့အတွက် ပြောင်းပင်တွေ ပျက်စီးတာလည်း ရှိတာပေါ့။ ဒါ့အပြင် အပူရှိန်ပြင်းတဲ့အတွက် ယခင်နှစ်များထက် ရေပိုသွင်းရတာကြောင့် ကုန်ကျစရိတ် များတယ်လေ။ ဒါကြောင့် ယခုနှစ်မှာ ပြောင်းဖူးတွေ ယမန်နှစ်ကထက် ဈေးကောင်းရရှိဖို့ မျှော်လင့်နေပါတယ်။ ပြောင်းဖူးကိုတော့ ကျွန်တော်တို့ရွာနဲ့ မြို့မဈေးကြီးမှာရှိတဲ့ ကျွန်တော်တို့ ဖောက်သည်တွေဆီမှာ ပြန်သွင်းပါတယ်”ဟု တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူက ပြောသည်။
သတင်း - သန့်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment