MNP - ဧပြီ ၁
၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ဖြေဆိုရာ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဘော်လခဲ၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင်လည်း စတင်ဖြေဆိုလျက်ရှိသည်။
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် လွိုင်ကော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာစာဘာသာ ရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး စာမေးပွဲခန်း ကြီးကြပ် ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ကယားပြည်နယ်အတွင်းတွင် စာစစ်ဌာန (၄) ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးထားသူ (၇၈၀)ဦးအနက် ယမန်နေ့မြန်မာစာဘာသာရပ်အား ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၅၇၅) ဦးနှင့် ပျက်ကွက် (၂၀၅)ဦး ရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၇၃.၇၂) ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ပြည်နယ်အတွင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး အတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ရပ်မိ၊ ရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment