ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မကွေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မကွေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ တက်ရောက်




MNP ၊ ဧပြီ  ၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံး ကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ယနေ့ နံနက် (၁၀) နာရီတွင် မကွေးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထိန်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နောင်ကျင်းပမည့် ရွေးကောက်ပွဲများ၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံတစ်ဝန်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပန်းခင်း စီမံချက်သည် ၂၀၂၁ ခုနှစ်၊ မေ (၃)ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃)ရက်အထိ (၁၈) လကြာ သတ်မှတ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ရန် အရေအတွက် လျာထားသတ်မှတ် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာ တွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေ၊ လုံခြုံရေးဆိုင်ရာ အဟန့်အတားများကြားမှ နည်းလမ်းပေါင်းစုံဖြင့် သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီပြီးစီးအောင် ဆောင်ရွက်ကြရခြင်း ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက် စတင်ချိန်မှ(၁၁)လတာ ကာလအတွင်း ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့သည် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး မကွေးတိုင်းဒေသကြီးသည် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၈၆၇၉၀) လျာထားရာ ယခုအထိ (၁၀၇၈၂၁)ကတ်၊ (၁၂၄ ဒသမ ၃) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး ပြီဖြစ်သည့်အတွက် (၆) ခုမြောက် တိုင်းလုံးကျွတ်လျာထားချက် ပြီးမြောက်အောင်မြင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)ကို ပြည်သူများ လွယ်လွယ်ကူကူ ရရှိကိုင် ဆောင်နိုင်ရေးအတွက် အစိုးရအဆက်ဆက် စီမံချက်များဖြင့် ဆောင်ရွက်ပေးခဲ့ကြသော်လည်း နိုင်ငံသား ကတ်၏ အသုံးဝင်တန်ဖိုးကို သိရှိနားလည်ခြင်းမရှိသဖြင့် ရယူကိုင်ဆောင်ခြင်းမပြုဘဲ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၏ ထောက်ခံချက်များဖြင့် သွားလာလုပ်ကိုင်ဆောင်ရွက်မှုများ ရှိနေကြပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မိဘပြည်သူများသို့ အသိပေးကြေညာချက် ထုတ်ပြန်ကာ ဧပြီ (၁) ရက်မှစ၍ ခရီးသွားလာမှု၊ တည်းခိုနေထိုင်မှုနှင့် နိုင်ငံသားကတ်(မှတ်ပုံတင်)ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ထောက်ခံစာဖြင့် ခွင့်မပြုတော့ဘဲ နိုင်ငံသားကတ်(မှတ်ပုံတင်)ဖြင့် ဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိ သူများက စစ်ဆေးသည့်အခါ နိုင်ငံသားကတ်ရှိကြောင်း ပြသကြရန် ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ အသိပေးကြေညာရ ခြင်းမှာ နိုင်ငံသားအားလုံး နိုင်ငံသားကတ် (မှတ်ပုံတင်) ရရှိကိုင်ဆောင်စေလို သည့်အတွက်ကြောင့် ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား သည် နိုင်ငံသားတစ်ဦး၏ လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်အရေးပါသည့် ကတ်ပြားဖြစ်ပြီး နိုင်ငံတော်က ဥပဒေနှင့်အညီ အလွယ်တကူရရှိ ကိုင်ဆောင်နိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းနှင့်ဆက်စပ်၍ နိုင်ငံ တော်၏ e-Government ၏ အခြေခံအုတ်မြစ်ဖြစ်သည့် e-ID စနစ်လုပ်ငန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများ အောင်မြင်ရေးအတွက် အားလုံးက ယခုကဲ့သို့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ် ချက်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များကို ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ပြီး ပန်းခင်းစီမံချက်တွင် စွမ်းစွမ်း တမံဆောင်ရွက် ခဲ့သည့် မကွေးတိုင်းဒေသကြီးမှ ဝန်ထမ်းများကို တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များ တပ်ဆင်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့် ဦးစီးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြသည်။

ယင်းနောက် ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်အောင်မြင်ခြင်းအထိမ်းအမှတ် အမှတ်တရ လက်ဆောင် များကို တိုင်းဒေသကြီးဦးစီးမှူးက ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို လိုက်လံပေးအပ်သည်။ ထို့နောက် ခရိုင်နှင့်မြို့နယ်များ၏ ပန်းခင်းစီမံချက် လှုပ်ရှားဆောင်ရွက်မှု၊ ပညာပေးဇာတ်လမ်းတိုဖြင့် ဖျော်ဖြေတင် ဆက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မြို့နယ်အသီးသီး၏ ပန်းခင်းစီမံချက်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ မြို့နယ်အလိုက် လျာထားချက်ပြီးစီးမှု အထောက်အထား မှတ်တမ်းစာရွက် စာတမ်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူနှင့် ဂန့်ဂေါ်စသည့် ခရိုင်(၅) ခု၊ မြို့နယ် (၂၅) မြို့နယ်၊ ရပ်ကွက် (၂၀၂) ခု ၊ ကျေးရွာအုပ်စု (၁၅၃၈) အုပ်စု ၊ ကျေးရွာပေါင်း (၄၈၂၅) ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၈၆၇၉၀) ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု (၁၀၇၈၂၁) ကတ်၊ ရာခိုင်နှုန်းအားဖြင့် (၁၂၄ ဒသမ ၃) ရာခိုင်နှုန်း ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ သည့်အတွက် တိုင်းလုံးကျွတ် လျာထားချက် ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် မြို့တော်ခန်းမရှိ ဧည့်ခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ ပန်းခင်းစီမံချက်နှင့်ဆက်စပ်၍ မဲစာရင်းမှန်ကန်စွာ ပြုစုနိုင်ရေးအတွက် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ကာ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် များကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် အဆိုပါ မြို့တော်ခန်းမ၌ပင် မကွေးတိုင်းဒေသကြီး အတွင်းရှိတိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများကို တွေ့ဆုံရာ ရှေးဦးစွာ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့် အမြဲတမ်း အတွင်းဝန်၊ ဦးအောင်ကျော်စိုးတို့က လုပ်ငန်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များ၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်ရေးနှင့် ရုံးစာရွက်စာတမ်း လုံခြုံရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်းပြော ကြားကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)