ဘားအံမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကျနေ့ ရေကစားသူများဖြင့်စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကျနေ့ ရေကစားသူများဖြင့်စည်ကား



MNP ၊ ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အေးချမ်းပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ ဧပြီလ ၁၄ ရက်နေ့ မဟာသင်္ကြန်အကျနေ့တွင် ဘားအံမြို့ပေါ်ရှိ ပြည်နယ် အဆင့်ဌာနဆိုင်ရာရေကစားမဏ္ဍပ်များနှင့် ရပ်ကွက်အလိုက်ရေကစားမဏ္ဍပ် များတွင် သင်္ကြန်ရေကစားကြသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် ဘားအံမြို့ သီရိကွင်းရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအက အဖွဲ့များ၊ တပင်တိုင်အကများ၊ အနုပညာရှင်များ၏ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖျန်းပေးကြကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကမ်းနားလမ်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ ပိတောက်အချစ်ဆုံး အမှတ်(၃)ရေကစားမဏ္ဍပ်၊ သယံဇာတရေးရာဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ လူမှုရေးရာဝန်ကြီးဌာနမိသားစု ရေကစား မဏ္ဍပ်၊ မွေးပျံ့ချိုအေးအမှတ်(၄)ရေကစားမဏ္ဍပ်၊ စီးပွားရေး ရာဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ ဘားမဲ တောင်သဘာဝဥယျာဉ်ရေကစားမဏ္ဍပ်များသို့ လှည့်လည်၍ ရေပက်ခံထွက် ရေကစားခဲ့ကြပြီး အဆိုပါမဏ္ဍပ်များ၌ သင်္ကြန်ယိမ်းအဖွဲ့များ၊ တပင်တိုင်အကအလှများ၊ တေးသံရှင်များ၏ သီဆိုကပြ ဧည့်ခံဖျော်ဖြေမှုများအား ကြည့်ရှုအားပေး၍ အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖျန်းပေးကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာသင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်း၊ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါ မဟာသင်္ကြန်အကပြိုင်ပွဲကို ကိုယ်ပိုင်သံစဉ်တီးခတ်သီဆိုကပြသည့်ပြိုင်ပွဲနှင့် Copy သီဆို တီးခတ်ကပြသည့်ပြိုင်ပွဲဟူ၍ နှစ်မျိုးခွဲ၍ကျင်းပပြီး သင်္ကြန်ယိမ်းအကအဖွဲ့ ၂၅ ဖွဲ့၊  တပင်တိုင်အကအဖွဲ့ ၁၉ ဖွဲ့တို့က မဟာသင်္ကြန်အကြိုနေ့ညမှ အကြတ်နေ့ညအထိ ဗဟိုမဏ္ဍပ်တွင် အလှည့်ကျယှဉ်ပြိုင်သွား ကြမည်ဖြစ်ပြီး မဟာသင်္ကြန်အတက်နေ့ညပိုင်းတွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)