သင်္ကြန်ပွဲတော်ဟူသည် မြန်မာပြည်အပါအဝင်အရှေ့တောင်အာရှဒေသ၏နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ကျင်းပသည့် ပွဲတော်တခု ဖြစ်သည်။ "ကူးပြောင်းခြင်း ၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊ သက္ကတဘာသာ " သင်္ကြန္တ" တို့ကို တိုက်ရိုက်မြန်မာမှုပြု၍ "သင်္ကြန်"ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါသည်။ သက္ကတ ဘာသာစကား ကနေ ဆင်းသက်လာသော သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူများ၏ပတ်ဝန်းကျင် အခြေအနေပေါ် မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့သည်ကို ဖတ်ရှုလေ့လာတွေ့ရှိရပါသည်။
ကမ္ဘာမြေကြီးသည် နေကိုဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ မိန် ဟူသော ၁၂ ရာသီခွင် ထိုသို့အစဉ်လိုက်ကူးပြောင်းလှည့်ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီ အစဖြစ်တဲ့ အဿဝနီ နက္ခတ် ပထမပတ်သို့ စတင်ဝင်ရောက်ပြီး ယင်းသို့ရာသီခွင် တပတ်လည်ဝင်ရောက်စအချိန်ကို ရာသီတစ်ခုမှ ရာသီတစ်ခုသို့ ကူးပြောင်းသောကြောင့် "သင်္ကြန်" ကျသည်ဟု ဖတ်ရှုရပါသည်။
သင်္ကြန်အကျဉ်း ဆိုလိုရင်းအကျဉ်းအားဖြင့်တော့ အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေ ဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှနေပြီး နဝင်းတစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှနက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှတစ်ရာသီသို့အစဉ်လိုက်ပြောင်းရွှေ့ခြင်းကို အစွဲပြု လို့ သင်္ကြန်ဟု ခေါ်ဆိုကြောင်း လောကီကျမ်းများအရ လေ့လာဖတ်ရှုရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို၌မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နှင့်ပတ်သက်၍တစ်မူထူးခြားနေသည်ကိုတွေ့ရှိရပြီးသာမာန်အားဖြင့် နှစ်သစ်ကူးရေကစားမှုကိုတစ်နိုင်ငံလုံးအနေဖြင့်နှစ်စဉ်သင်္ကြန်အကြိုနေ့(ဧပြီ ၁၃ ရက်)မှစတင်၍ ရေပက်ခြင်း၊ ရေပက်ခံထွက်ခြင်းများရှိကြသော်လည်းထူးခြားမှုမှာထားဝယ်မြို့၌ ကလေးသင်္ကြန်ဟူ၍ဧပြီ ၁၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ရေကစားကြသည်။ ကလေးများ၊ လူငယ်လူရွယ်များပျှော်ရွှင်စွာဖြင့်ရေပက်ကစားခြင်းကိုထားဝယ် ရိုးရာယဉ်ကျေးမှုတစ်ရပ်အနေဖြင့် သုံးရက်စော၍ပျော်ရွှင်အေးချမ်းစွာရေကစားကြသည်မှာထားဝယ်မြို့၏အစဉ်အလာ ဖြစ်ကြောင်းသိရှိရသည်။
ပျှော်ရွှင်မြူးကြွသင်္ကြန်အခါသမယရောက်သည်နှင့်တပြိုက်နက် သင်္ကြန်သီချင်းသံများနှင့်အတူ အပြိုင်အဆိုင်ပေါ် ထွက်လာကြသည့်မဏ္ဍပ်များ၊သင်္ကြန်အလှပြယာဉ်များတွင် အဆင်တန်ဆာမျိုးစုံ ဆင်ယင်ထားကြောင့် လူတိုင်းကို ဆွဲဆောင်နေသယောင် ပျှော်ရွှင်မြူးတူး ကချင်ကြသည်။ ယင်းတို့မှာ လွန်ခဲ့သော ၁၀ စုနှစ် အချိန်ကတည်းက သင်္ကြန် အချိန်အခါ ရောက်တိုင်း လူတိုင်း စိတ်လှုပ်ရှားခဲ့ရမှုများ ဖြစ်သည်။
တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန် ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိသည်ဟု ယူဆကြ ပြီး သိကြားမင်းလူ့ပြည်ဆင်းချိန်သည် "သင်္ကြန်ကျချိန်"ဖြစ်၍..မဆင်းမီ တစ်ရက်အလို သိကြားမင်းကိုကြိုဆိုသောနေ့ "သင်္ကြန်အကြိုနေ့" ဟုခေါ်ဆိုကြတယ်ဟု ယူဆဖော်ပြလေ့ရှိပြီး သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သော နည်းမှာ လွန်ခဲ့သောနှစ် သင်္ကြန် အတက်ရက်မှစ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ နှစ်၏ သင်္ကြန်အကျနေ့ပင် ဖြစ်ပါတယ်။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခု ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ဖြစ်ကြောင်း လေ့လာ သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသရှိ ထားဝယ်သူ/သားများက သင်္ကြန်ကာလအတွင်း ရေစိမ်ထမင်း(ရေးဇီးမှန်း) လှူဒါန်းပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပြီး သင်္ကြန်အတက်နေ့တွင် မိမိမွေးနေ့နှင့်တိုက်ဆိုက်နေပါက ထားဝယ် သူ/သားများအနေဖြင့် (ထားဝယ်အခေါ်အတာသတ်)သည်ဟုမှတ်ယူခဲ့ကြကာ သင်္ကြန်ရေစိမ်ထမင်းအလှူပြု လေ့ ရှိကြသည်။
ထို့သို့လှူဒါန်းကြသော အလှူရှင်များက ရေစိမ်ထမင်းပုဂံထဲတွင် ထည့်ထားသော စပယ်ပန်းကိုယူပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးအန္တရာယ်ကင်းပါစေ၊ လာမည့်နှစ်များတွင် ယခုကဲ့သို့လှူဒါန်းမှုပြုနိုင်ကြပါစေဟု ဆုတောင်းသမှု ပြုခဲ့ကြောင်းသိရှိရသည်။
"မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား "ဟူသော ဝေါဟာရ တို့ကို ပြောဆို သုံးစွဲနေ သည်ကို ဒေသခံပြည်သူများထံမှကြားသိရပြီး "အတာ"ဟူသည် လောကီ အလို ဒဏ် သင့်ခြင်းဖြစ်ပြီး တစ်နည်း အားဖြင့် "အန္တ-အဆုံး" ဟူသောပါဠိပုဒ်မှ "အတာ"ဟူသည် "နောက်ဆုံး ကာလ၊ အကျပိုင်းကာလ" ကိုဆိုလို၍ "အတာရက်" မှာ သင်္ကြန်အတက်ရက်ဖြစ်ပြီး နှစ်တနှစ်၏ နောက်ဆုံး ရက်ပင်ဖြစ်ကြောင်း လေ့လာဖတ်ရှုရပါသည်။
“သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ်လာသည်ဟု ယူဆကြပြီး ဒါကိုပင် အတာစားသည်ဟု ပြောဆိုသုံးစွဲနေကြပါသည်။ အတာစားသည့် နေ့နံသားသမီးတို့သည်အတာတက်မည့် အချိန်အတိအကျ တွင် "အတာစား"ရပါသည်။ "အတာစား"ဟူသည် အတာ တက်ချိန်တွင် ကောင်းမွန်သန့်ရှင်းစွာ ဝတ်စားဆင်ယင်လျက် အရှေ့တောင်အရပ်သို့မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည် “ ဟုသက်ကြီးဝါကြီး လူကြီးသူမများ၏ပြောစကားအရကြားသိရသည်။
အတာအိုးကိုသင်္ကြန်စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင်ပြင်ဆင်ရသည်။ (၇) ရက် သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထည့်ကြလေ့ရှိသည်။ ထားဝယ်မြို့တွင် သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကိုသွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦး ဝင်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်း ဆုယူပြုလေ့ ရှိကြသည်။
သင်္ကြန် ရောက်ပြီဆိုပါက အစဉ်အလာအားဖြင့် ဦးခေါင်းဆေး မင်္ဂလာကိုလည်း ပြုလုပ်လေ့ရှိကြပြီး ရှေးအစဉ်တည်းက မြန်မာတို့သည် မိမိတို့၏ ကိုယ်ခန္ဓာတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲကျန်နေသော အညစ်အကြေးများနှစ်သစ်သို့ဆက်လက်မပါရှိစေရန်ရည်ရွယ်ချက်ဖြင့်ဦးခေါင်းဆေးမင်္ဂလာပြုခဲ့ကြပြီး အတိတ်ကောင်း ယူကာ ကိုယ်စိတ်သန့်ရှင်းမှုကို အကျိုးပြုရာရောက်သည်ဟု ယူဆခဲ့ကြသည်။
နှစ်သစ်တွင်ကောင်းကျိုးကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံအောင်သင်္ကြန်ကာလများတွင် ဦးခေါင်းဆေး မင်္ဂလာ များ ပြုလုပ်ရခြင်းဖြစ်သည်ဟုနားလည်ရပြီး သင်္ကြန်တွက်ရိုး ကျမ်းများအလို သင်္ကြန်အခါအတွင်း မပြုလုပ်ဘဲရှောင်သင့် သည်များကို သင်္ကြန်စာများ၌ အောက်ပါအတိုင်း ဖော်ပြ ထားကြလေသည်-
(၁)ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂)လိင်ဆက်ဆံခြင်း။
(၃)သူတပါးအသက်သတ်ဖြတ်ခြင်း။
(၄)အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း။
(၅)စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆)သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇)ဆီလိမ်း၊ ဆေးလိမ်းခြင်း။
(၈)သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉)ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။
(၁၀)ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်းဖြစ်သည်ဟုဖတ်ရှုရပါသည်။
သင်္ကြန်ပွဲသည် ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာပွဲတော်မဟုတ်သော်လည်း ရုံးပိတ်ရက်များဖြစ်သော ကြောင့် ဒါန၊ သီလ၊ ဘာဝနာအလုပ်များကို ဆောင်ထားရမည့်အရာအနေဖြင့် သက်ဆိုင်ရာဘာသာဝင်များကပြုလုပ်ကြပေသည်။ "အခွင့်သာခိုက် လုံ့လ စိုက်" သည့်အနေဖြင့် ဆောင်သင့်သည်ကို ဆောင်၊ ရှောင် သင့်သည်ကို ရှောင်၍ ဗုဒ္ဓ၏ မင်္ဂလာ တရားတော်နှင့်အညီ မြန်မာနှစ်သစ်ဦးကို ကြိုဆိုလေ့ ရှိကြောင်းရေးသားတင်ပြလိုက်ရပါသည်။
ရွှေပင်လယ်(ထားဝယ်)
https://t.me/MyanmarNationalPost

No comments:
Post a Comment