MNP - ဧပြီ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၃၀/၂၀၂၂ အရ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား(၁၆)ဦး တို့အားပြစ်ဒဏ်လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အကျဉ်းထောင်ရိပ်သာတွင် ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းအကျဉ်းထောင်တာဝန်ခံ အရာရှိ ဦးလှရွှေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၃၀/၂၀၂၂ အား ဖတ်ကြားရှင်းလင်းကာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းမင်းစိုးတို့က ဆုံးမဩဝါဒစကားပြောကြားပြီး ထောင်တာဝန်ခံအရာရှိက လွတ်ငြိမ်းခွင့်ရ အကျဉ်းသား (၁၆)အား လွတ်လက်မှတ်၊ စားစရိတ်၊ လုပ်အားခ၊ ခရီးစရိတ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနှစ်သစ်မင်္ဂလာအခါသမရ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌသည် ရမည်းသင်း အကျဉ်းထောင်မှ အကျဉ်းကျခံနေသော အကျဉ်းသား(၁၆)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့အား ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ရမည်းသင်းအကျဉ်းထောင်မှ သိရသည်
အဆိုပါ အခမ်းအနားသို့ ရမည်းသင်းခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ရမည်းသင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် ရမည်းသင်းအကျဉ်းဦးစီးဌာနမှ တာဝန်ခံအရာရှိတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ဇော်ဝင်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment