ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရန်အရေးကြီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရန်အရေးကြီး



MNP ၊ ဧပြီ ၂၄

ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဦးမောင်ကို ဦးဆောင်သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ အတိုင်းအတာ တစ်ခုအထိ ကောင်းစွာထိန်းချုပ်နိုင်ပြီဖြစ်၍ ပုံမှန်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုအခါဆေးရုံလုပ်ငန်း ဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက် နိုင်ပြီဖြစ်သော်လည်း အထူးကုဘာသာရပ်အချို့မှာ လုပ်ငန်းဆောင်ရွက်နိုင်မှု အားနည်းလျက်ရှိပါကြောင်း၊ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်လျက်ရှိရာတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် စိတ်ချလုံခြုံစွာဖြင့် ကျောင်းတက်ရောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ပံ့ပိုးဆောင်ရွက်မှုများ ပေးအပ်စေလိုပါကြောင်း၊ ယခုအခါ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေကြောင်းလိုင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဝင်ရောက်ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ဝင်ရောက်လာသူများတွင် ရောဂါပိုးတွေ့ရှိရမှုအပေါ် မူတည်၍ နေပြည်တော်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အဆိုပါလေယာဉ် ခရီးစဉ်များ ဆိုက်ရောက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက် သွားမည်ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း။

ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် ဦးတည်အုပ်စုများအတွင်း ကာကွယ်ဆေးထိုး လွှမ်းခြုံမှု ကောင်းမွန်သည့် ဒေသဖြစ်ပါကြောင်း၊ ဆက်လက်၍ ဦးတည်အုပ်စုများအတွင်း ရာနှုန်းပြည့် ကာကွယ်ဆေးလွှမ်းခြုံမှု ရရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက် (၁၅)နှစ်နှင့်အထက် မိဘပြည်သူများကို လည်းကောင်း၊ ထပ်ဆောင်းကာကွယ်ဆေးကို အသက် (၄၀)နှစ်နှင့်အထက် မိဘပြည်သူများကို ထိုးနှံပေးလျက်ရှိပါကြောင်း၊ ကျောင်းများပြန်ဖွင့်ချိန်တွင်လည်း ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်မည်ဖြစ်ပါ၍ ကူညီပံ့ပိုးမှုများ ပေးအပ်စေလိုပါကြောင်း၊ ထို့အပြင် အသက် (၅)နှစ်အောက် ကလေးများအတွက် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများဖြစ်သည့် ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပွားမှုကိုကာကွယ်ရန် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဆေးရုံများ သန့်ရှင်းသာယာလှပရေးအတွက် အပိုင်းလိုက် ဆောင်ရွက်ပေးနေပါကြောင်း၊ သူနာပြုတက္ကသိုလ် အပါအဝင် ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များသို့ တက်ရောက်လာသူ ကျောင်းသား ကျောင်းသူများကို နွေးထွေးစွာကြိုဆို၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို လိုက်နာစေရေး ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မန္တလေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် အပါအဝင် ဆရာ ဆရာမများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးပြီး တိုင်းရင်းဆေးတက္ကသိုလ်ပြတိုက်၊ စာကြည့်တိုက်နှင့် ဘွဲ့နှင်းသဘင်ခန်းမတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)