MNP - ဧပြီ ၁၉
မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ယမန်နေ့ နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကာ မြန်မာ့သိုင်း သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လူငယ်များ မိမိကိုယ်ကို ကာကွယ်နိုင်စေရန်နှင့် ကာယဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်၌ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်၊ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်တို့ကို ရည်ရွယ်ကာ မြန်မာ့သိုင်းသင်တန်းကို စီစဉ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းပြ ဦးကျော်မင်းက သင်တန်း၌ လိုက်နာရမည့် အချက်များတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ နယ်စပ်ဒေသတိုင်းရင်သား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (သထုံ)မှ လူငယ်(၁၆)ဦးတို့ တက်ရောက်ကြလျက်ရှိပြီး သင်တန်းတွင် အခြေခံ မြန်မာ့သိုင်းပညာများဖြစ်သည့် ခေါင်း (၄)ချက်၊ လက်သီး (၆)ချက်၊ လက်ဝါးစောင်း (၆)ချက် လက်ဖနောင့် (၄)ချက်၊ လက်ဖျံ (၈)ချက်၊ တံတောင် (၈)ချက်၊ ဒူး (၄)ချက်၊ ခြေ (၈)ချက်၊ ယိမ်းယိုင် ဘယ်ညာ (၂)ချက်၊ လက်စုံ (၁၃)ချက်တို့ကို စနစ်တကျ အခမဲ့သင်ကြားပေး သွားမည်ဖြစ်ကာ ဧပြီလ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့ အထိ သုံးရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုကိုဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment