MNP - ဧပြီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ တပ်ဦးရတနာစည်စာသင်တိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသီလာနန္ဒ မထေရ်မြတ်၏ ကြွမ်းကျန်ရစ်သော ရုပ်ကလပ်တော်အား အန္တိမအဂ္ဂိဈာပန သာဓုကိဠာနသဘင်ကို ဧပြီလ ၁၆ ရက်၊ မွန်းလွဲ ၃ နာရီက အဆိုပါစာသင်တိုက်၌ကျင်းပသည်။
အစီအစဉ်ပထမပိုင်းတွင် ရှေးဦးစွာ လွိုင်လင်မြို့ သာသနာဝိပုလ္လဓာတ်တော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဒေါက်တာပညာနန္ဒထံမှ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူးဗိုလ်ချုပ်လှမိုးနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ကြွရောက်တော်မူလာကြကုန်သော သံဃာတော်များမှ အနိစ္စာဝသင်္ခါရာ စသောဂါထာကို သုံးကြိမ်ရွတ်ဖတ်ပူဇော် မရဏနုတ်သတိကမ္မဌာန်း စည်းဖြန်းကြသည်။ ဆက်လက်၍ ရတနာစည်ဆရာတော်(လွိုင်လင်) ထေရုပတ္တိ စာတမ်းကို ရတနာစည် ကျောင်းတိုက်မှ ဘဒ္ဒန္တဝိဇယာနန္ဒ ကဖတ်ကြားပြီးနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ် ပွားတော်မူကြောင်း သဝဏ်လွှာကို တောင်ကြီးမြို့ မဟာဓမိကာရာမ ကျောင်းတိုက်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒာဘိဝံသက ဖတ်ကြားတော်မူသည်။ ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန ကပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာကို ရှမ်းပြည်နယ်သာသနာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး(ကိုယ်စား) ညောင်ရွှေမြို့နယ် သာသနာရေးမှူးကဖတ်ကြားသည်။ ထို့နောက် ပစ္ဆိမဝန္ဒနာ ဂါထာတော်ကို လွိုင်လင်မြို့ တောင်ပေါ်ကျောင်းဆရာတော် ဘဒ္ဒန္တဩသဓက ဖတ်ကြားတော်မူပြီးနောက် ပင့်သံဃာတော်အရှင်သူမြတ်တို့အား တိုင်းမှူးနှင့်ဇနီး၊ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များက လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း(၂၀၀)ကို တိုင်းမှူးနှင့်အလှူရှင်များက ရတနာစည်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိဇယာနန္ဒ ထံပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခြင်းကို လဲချားမြို့ ဟော်ခမ်းကျောင်းတိုက်၊ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသုဘောဂမှ ချီးမြှင့်ပေးပြီးနောက် ရတနာစည်ကျောင်းတိုက် မှ ဘဒ္ဒန္တဝိဇယာနန္ဒက အစ္စယောနောဘန္တေ အစရှိသည့် အပြစ်ရှိက ခွင့်လွှတ်တော်မူရန် ကန်တော့တောင်းပန်လွှာကို တပည့်ပရိတ်သတ်များအား တိုင်ကြား ပေးသည်။ ထို့နောက် နတ်ပန်းရထားပေါ်သို့ ကြွချီတော်မူပါမည့်အကြောင်း လျှောက်ထား အပ်သော တံဘဒ္ဒန္တေနိမန္တေမဂါထာကို တောင်ပေါ်ကျောင်းဆရာတော် ဘဒ္ဒန္တဩသဓမှ ရွတ်ဖတ်ပင့်ဆောင်ကာ အစီအစဉ်ပထမပိုင်းကိုပြီးမြောက်တော်မူသည်။
အစီအစဉ်ဒုတိယပိုင်းဖြစ်သည့် ရတနာစည်ဆရာတော်(လွိုင်လင်)၏ ရုပ်ကလာပ်တော်အား လောင်တိုက်ပေါ်သို့ပင့်ဆောင့်သည့် အစီအစဉ်ကိုကျင်းပရာ ရဟန်းသံဃာများမှ ကျောင်းကြီးပေါ်မှ ကျောင်းအောက် လှေခါးအဆင်းထိလည်းကောင်း၊ လှေခါးရင်းမှ တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ မှသတ်မှတ်နေရာအထိလည်းကောင်း၊ ယင်းနောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းထွဋ်နှင့်အဖွဲ့၊ ဆရာတော်၏တပည့်လူပုဂ္ဂိုလ်အဖွဲ့မှ အဆင့်ဆင့်ပင်ဆောင်ကာ လောင်တိုက်အားလက်ဝဲရစ်သုံးပတ်လှည့်လည်ပူဇော်၍ လောင်တိုက်ပေါ်သို့ပင့်ဆောင်ကြသည်။
ထို့နောက်အခမ်းအနားအစီအစဉ်တတိယပိုင်းတွင် ရတနာစည်ဆရာတော်(လွိုင်လင်)အား နောက်ဆုံးကန်တော့ခြင်းနှင့် ဆရာတော်သံဃာတော်များက အနိစ္စာဝတ သင်္ခါရာ အစချီသောသံဝေဂ သုံးဂါထာကို ရွတ်ပွားပြီးနောက် သေနတ်အချက်(၈၀) ပစ်ဖောက်၍ ပူဇော်သည်။ ထို့နောက် ရတနာစည်ဆရာတော်ဘုရား၏ ရုပ်ကလာပ်တော်ကို အဂ္ဂိဈာပန တေဇောဓာတ်ဖြင့် လွိုင်လင်မြို့ သာသနာဝိပုလ္လဓာတ်တော် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ ကမီးပူဇော်ပေးပါသည်။
အဆိုပါ ရတနာစည်ဆရာတော်(လွိုင်လင်) သာဓုကိဠာနသဘင် အခမ်းအနားသို့ ပင့်ဖိတ် ထားသော ဆရာတော်၊ သံဃာတော်များ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်နီးရပ်ဝေးမှ ဆရာတော်၏ တပည့်ဒကာ၊ ဒကာမများ၊ အလှူရှင်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ မြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်မှ ပြည်သူများ တက်ရောက်ကြကြောင်း သိရပါသည်။
သတင်း - လွိုင်လင်မိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment